ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၇

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင် သည် ယနေ့မွန်းလွဲပိုင်းက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်း၏ ဆိုင်ဧရိယာအတွင်း အရောင်းဆိုင် အဆောက် အဦးများ ဆောက်လုပ်ခြင်း၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ မြေထိန်းနံရံများနှင့် အုတ်တံတိုင်းခြံစည်းရိုးများ ကာရံခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် မီးသတ်ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ဦးစွာတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက် ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထင်း၊ မီးသွေး သုံးစွဲမှု လျှော့ချနိုင်ရေး၊ လူနေမှုစနစ် မြင့်မားစေရေး အတွက် ရေနံဓာတ်ငွေ့ရည်ကို တွင်ကျယ်စွာ အစားထိုးအသုံး ပြုလာနိုင်စေရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် အသစ်ကို ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး၊ စံချိန်စံညွှန်း ကိုက်ညီမှုရှိစေရေးနှင့် ဘဏ္ဍာငွေ လေလွင့်မှုမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ အလေးထား ကြပ်မတ်ဆောင်ရွက် ကြရန် ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လာမည့်မိုးရာသီတွင် သီးပင်၊ စားပင်နှင့် အရိပ်ရလေကာပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး ကြိုတင်စီမံဆောင်ရွက် သွားရန်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ရေနံဓာတ်ငွေ့ရည်အား သယ်ယူပို့ဆောင်ရေးကဏ္ဍကိုပါ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်