ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) တိုးလ်ဂိတ်များ ကြည့်ရှု့စစ်ဆေး

နေပြည်တော် ဧပြီ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသော တိုးလ်ဂိတ်များဖြစ်ကြသည့် စီလမ်းဆုံတိုးလ်ဂိတ်၊ ပန်းတင်မီနီတိုးလ်ဂိတ်၊ သီးကုန်း မီနီတိုးလ်ဂိတ်၊ သီးကုန်း  တိုးလ်ဂိတ်၊ ကံကောင်းမီနီတိုးလ်ဂိတ်၊ စကားအင်းတိုးလ်ဂိတ်၊ တံခွန်တိုင်တိုးလ်ဂိတ်များ၏ လမ်းအသုံးပြုခကောက်ခံနေမှုအခြေ အနေ များကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး (မြို့ပြ)များနှင့် တိုးလ်ဂိတ်တာဝန်ခံများက နေ့စဉ် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ အပြည့်အဝကောက်ခံရရှိရေး၊ လက်လုပ်ပြေစာများဖြင့် ကောက်ခံမှုမရှိစေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊  ကောက်ခံရရှိငွေစာရင်းများ ပြုလုပ်ရာတွင် ပုံစံအမျိုးမျိုး မဖြစ်စေဘဲ ရုံးချုပ်မှ သတ်မှတ်ထားသည့် ပုံစံအတိုင်း ဆောင်ရွက်ရေး၊ တိုးလ်ဂိတ် များအားလုံး CCTV/ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်စေပြီး လျှပ်စစ်မီးမပြတ်တောက်စေရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ထားရန်လိုကြောင်း၊  တိုးလ်ဂိတ်ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ် ပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ ယာဉ်ရပ်နား စခန်းဝန်း အတွင်း/အပြင် သန့်ရှင်း သပ်ရပ်သာ ယာလှပစေရေး၊ တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသည် နိုင်ငံတော်အတွက် အဓိကအရေးပါသည့် လမ်းမကြီးဖြစ်သဖြင့် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပျက်  စစ်ဆေးပြီး  အလေးထား  ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြား၍ တိုးလ်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ နှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်