ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ တိုးလ်ဂိတ်များ စစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့ အငှားအိမ်ရာ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ ပန်းတင် တိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၂ မိုင် ၁ ဖာလုံနှင့် ၂၄၃ မိုင်ရှိ ဆင်သေချောင်းတံတား အဝင်အထွက် ကွန်ကရစ်လမ်း (၂)လမ်းသွားမှ (၄)လမ်းသွား ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပေပင်လေးတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်တို့၌ လမ်းအသုံးပြုခ ကောက်ခံနေမှု၊ သီးကုန်းယာဉ်ရပ်နားကွင်းအတွင်းရှိ EV Charging Station အသုံးပြုဆောင်ရွက်နေမှု၊ ကံ ကောင်းတိုးလ်ဂိတ်၊ ပြင်စည်တိုးလ်ဂိတ်၊ စကားအင်းတိုးလ်ဂိတ်များ၏ လမ်းအသုံးပြုခကောက်ခံနေမှု၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ EV Charging Station ဆောင်ရွက်ပြီးစီးမှုနှင့် တံခွန်တိုင်တိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက လမ်းအသုံးပြုခကောက်ခံရရှိငွေ အပြည့်အဝရရှိရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့် ဆုံးရှုံးမှုမရှိစေရေး၊ ငွေကြေးမသမာမှုမဖြစ်စေရေး၊ CCTV နှင့် Computer စနစ်ဖြင့်ဆောင်ရွက်ပြီး လက်လုပ် ပြေစာများ လုံးဝအသုံးမပြုစေရေး၊ တာဝန်ရှိသူများက အမြဲမပျက်စစ်ဆေးပြီး စာရင်းများမှန်ကန်စွာ တင်ပြနိုင်ရေး အလေးထားကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမြန်လမ်းမကြီး အင်္ဂါရပ်နှင့်အညီ  ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာသို့ရောက်ရှိရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်းပြီးစီးမှုနှင့် အိမ်ခန်းနေရာ ချထားမှု၊ မြေညီထပ်အခန်းများ အခန်းဖွဲ့ကာ ရန်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည့်သူ့အငှားအိမ်ရာစီမံကိန်း မြေနေရာလွှဲပြောင်း ရရှိမှုအခြေအနေ၊ Phase 1 တွင် ဆောင်ရွက်ပြီးစီးသောလုပ်ငန်းများ၊ အိမ်ရာ အတွင်းရေ၊ မီးရရှိမှုနှင့် လမ်း၊ တံတား၊ ရေမြောင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကောင်း၊ အိမ်ရာတာဝန်ခံအရာရှိက အိမ်ရာသာယာရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲဆောင်ရွက်မှုနှင့် လူမှုကူညီရေးအဖွဲ့ဖွဲ့စည်းခြင်း အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အိမ်ရာလုံခြုံရေး၊ စည်းစနစ်တကျရှိစေရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားပြီး မင်္ဂလာရန်ကင်းပြည်သူ့ အငှားအိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)