နေပြည်တော် ၂၅  မတ် 

    

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းသည် မတ်-၂၃ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး ၊ ပုသိမ်မြို့ရှိ ပုသိမ်တံတားအမှတ် (၂) တည်ဆောက်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးရာ တံတားဦးစီးဌာန  တံတားအထူးအဖွဲ့ (၁၆) မှ တည်ဆောက်ရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ၊ ဒေါ်သစ်သစ်အောင်မှ တံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြသသည်။ 

 

mdn

    

ပုသိမ်တံတားအမှတ် (၂) သည် ပုသိမ်မြို့ ၊ မဟာဗန္ဓုလလမ်းနှင့် စိန်ကုန်းရွာဘက်ကမ်းအား ဆက်သွယ်တည်ဆောက်နေသော တံတားဖြစ်ပြီး တံတားအရှည်မှာ (၇၂၅) မီတာ ၊ တံတားအကျယ် (၁၀) မီတာ (၂) လမ်းသွားတံတားဖြစ်သည်။ 

    

အောက်ခံအုတ်မြစ်မှာ Bored Pile ၊ တံတားကိုယ်ထည်မှာ R.C Concrete နှင့် ပင်မတံတားမှ သံမဏိသံပေါင်းရုံး တံတားအမျိုးအစားဖြစ်သည်။ လုပ်ငန်းများကို ၂၀၁၈ ခုနှစ် အောက်တိုဘာ- ၂၇  ရက်တွင် စတင်ခဲ့ပြီး ယခုအခါ တံတားအုတ်မြစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တံတားတစ်စင်းလုံး၏ ၂၁ ရာခိုင်နှုန်း  ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

    

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ခရိုင်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနမှ တာဝန်ယူဖောက်လုပ်နေသော မိချောင်းတစ်ရာမှ ဘဲဂရက်ကြီးရွာသို့ ကတ္တရာလမ်း (၂) မိုင် ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

    

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ် - မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီမြစ်ကူး (မြင်းကဆိပ်) ကြိုးတံတား၏ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေပြီး တံတားထိန်းသိမ်းရေးအဖွဲ့ တံတားတာဝန်ခံအား တံတားပေါ်တွင် သတ်မှတ်တန်ချိန် အတိုင်းကားများကိုသာ ဖြတ်သန်းခွင့်ပြုရေး သေချာစွာ ဆောင်ရွက်ရန်နှင့် တံတားစစ်ဆေးချက်များကို လစဉ်ဆောင်ရွက်ပြီး စနစ်တကျ မှတ်တမ်းတင် ထားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)