ပုသိမ် စက်တင်ဘာ ၈
၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဂုဏ်ပြုသီဆိုဖွင့်လှစ်
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစဉ် တစ်ရပ်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၆ မြို့နယ်လုံးတွင် စာသင်ဝိုင်း ၁၇၇၁ ဝိုင်း ဖွင့်လှစ်၍ နည်းပြ ၁၇၇၁ ဦးနှင့် ကြီးကြပ် ၂၁၇ ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ရာ စာသင်သား ပြည်သူပေါင်း ၂၅၀၁၆ ဦးတို့အား အခြေခံစာတတ်မြောက်စေခဲ့ကြောင်း၊ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်နည်းပညာခေတ် ဖြစ်သည်နှင့်အညီ လူသားတိုင်း အင်တာနက် အသုံးပြုနိုင်သော ခေတ်ဖြစ်သဖြင့် နည်းပညာဖွံ့ဖြိုး တိုးတက်မှုများနှင့်အတူ သင်ကြားသင်ယူမှု အခွင့်အလမ်းများ တိုးတက်စေရေးအတွက် ICT နည်းပညာများ၊ မီဒီယာနည်းပညာများကို အခြေခံပြီး တီထွင်ကြံဆ၍ နည်းလမ်းသစ်များ ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်အတန်း မြင့်မားမှုသည် နိုင်ငံသားတိုင်း စာတတ်မြောက်မှုအပေါ် မူတည်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄) ချက်မှ တတိယမြောက်အချက် ဖြစ်သော “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” နှင့် “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့ ” ဟူ၍ စာမတတ်သူမရှိစေရအောင် မိဘပြည်သူများ ဝိုင်းဝန်းလှုံဆော် ပေးကြရန်လိုကြောင်း တိုက်တွန်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးပြီး ၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို တိုင်းဒေသကြီး တရားသူကြီးချုပ်က လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


