ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် သောင်တူးဖော်ရေး လုပ်ငန်းများကို မိုးမကျမီ အပြီးဆောင်ရွက်သွားမည်

ရန်ကုန်  ၂၂  ဇန်နဝါရီ     


ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသတွင် ဖြစ်ပေါ်နေသော ကမ်းပြိုကာကွယ်ရေး လုပ်ငန်း နှင့် သောင်တူးဖော်ရေးလုပ်ငန်းများကို ပြည်ထောင်စု အစိုးရရန်ပုံငွေအပြင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတို့ဖြင့် မိုးရာသီမတိုင်မီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


"ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသက မြစ်ချောင်းတွေက ကွေ့ကောက်ပြီး စီးဆင်းနေတာများတယ်။ ဒီအပေါ်မှာ သဲနုန်းအနည်ထိုင်မှုများပြီး မြစ်ရဲ့တစ်ဖက်ကမ်းမှာ သဲသောင်ဖြစ်ထွန်းတယ်။ အခြားတစ်ဖက်ကမ်းမှာက ကမ်းပါးရေတိုက်စားပြီး ကမ်းပါးပြိုတယ် ကမ်းပါးလျောစောက်တွေကလည်း မက်စောက်ပြီး သဲနှုန်းဆန်တဲ့ မြေအမျိုးအစားတွေ ဖြစ်တာကြောင့် ကမ်းပါး ပြိုကျမှုတွေက နှစ်စဉ်လိုလို ဖြစ်ပေါ်နေပါတယ်။ ဒါကိုပြည်ထောင်စုအစိုးရ ရန်ပုံငွေရော တိုင်းဒေသကြီး အစိုးရရန်ပုံငွေတွေနဲ့ပါ အခုလာမယ့် မိုးကာသီမတိုင်မီကို အပြီးဆောင်ရွက်ပေးသွားဖို့ စီစဉ်နေပါတယ်။ မြစ်ချောင်းတွေက မိုင်နဲ့ချီရှိနေပြီး ပြုပြင်ထိန်းသိမ်းရတာက ခွင့်ပြုရန်ပုံငွေအပေါ် မှာ ပေအရှည်လောက်သာရှိနေတာကတစ်ကြောင်း ကမ်းပါးတွေက သဲနုန်းဆန်တဲ့ မြေအမျိုးအစားတွေဖြစ်တာကြောင့် ပြိုလွယ်ပျက်လွယ် ရှိနေတဲ့အနေအထားပါ။ ဒါကြောင့်အရေးကြီးတဲ့ မြို့၊ ရွာ၊ ဆိပ်ကမ်းတွေ၊ ကျေးရွာတွေ၊ သာသနိက အဆောက်အအုံ ရှိတဲ့နေရာတွေမှာ အဓိကဦးစားပေး ဆောင်ရွက်ပေးနေပါတယ်" ဟု ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလှမိုးကပြောသည်။

ဧရာဝတီမြစ်၏ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြတ်သန်းစီးဆင်းမှုရေမိုင်မှာ ၂၀ဝ ကျော်ရှိသည်။ ငဝန်မြစ်သည်လည်း ရေမိုင် ၂၀ဝ ကျော်ရှိသည်။ အခြားမြစ်ခွဲများဖြစ်သော ပန်းလှိုင်မြစ်၊ တိုးမြစ်နှင့် ချောင်း၊ မြောင်းများသည် မိုင်နှင့်ချီကာ ရှိနေကြောင်းသိရသည်။ ယင်းအပေါ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် သဲ သောင်တူးဖော်ခြင်းလုပ်ငန်းသည် နှစ်စဉ်ရရှိလာသော ဘက်ဂျက်ငွေအပေါ်ပေ (၁၅၀/၂၀ဝ/၃၀ဝ/၅၀ဝ/၆၀ဝ) အရှည်တွင် လူနေထူထပ်ပြီး လူနေထိုင်မှုရှိနေသောနေရာများကို အဓိကထား ဦးစားပေးဆောင်ရွက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ယခုအခါတွင် ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရရန်ပုံငွေကျပ် သန်း (၅၅၀ဝ) ဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအဖြစ်   ပုသိမ်ခရိုင်တွင် လုပ်ငန်း (၆)ခု၊ ဟင်္သာတခရိုင်တွင်လုပ်ငနး(၇)ခု၊ မြောင်းမြခရိုင်တွင် လုပ်ငန်း(၃)ခု၊ မအူပင်ခရိုင်တွင် လုပ်ငန်း (၈)ခု၊ ဖျာပုံခရိုင်တွင်လုပ်ငန်း(၂)ခု၊ လပွတ္တာခရိုင်တွင်လုပ်ငန်း(၁)ခုနှင့် တိုင်းဒေသကြီးအတွင်း မိုးရာသီတွင် ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်း (၁)ခု အပါဝင် စုစုပေါင်း လုပ်ငန်း(၂၈)ခု ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအတွက် တင်ဒါခေါ်ယူသည့်လုပ်ငန်းများ ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းများကို စတင်ကာ မိုးရာသီ (သို့) ရေများရာသီ မတိုင်မီပြီးစီးရေးကို စီစဉ်ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


၂၀၁၈ - ၂၀၁၉ ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၉၄၁) သန်းဖြင့် မအူပင်ခရိုင်တွင်လုပ်ငန်း (၃)ခု ဖြစ်သော ဓနုဖြူမြို့နယ် မရမ်းချောင်းကျေးရွာအနီး ရေလမ်းကောင်းမွန်ရေး သောင် တူးဖော်ခြင်းနှင့် အထောက်အကူပြု ရေကာတာများ တည်ဆောက်ခြင်းအတွက် ကျပ်သန်း (၂၂၀)၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ်စံ ကင်းကျေးရွာ ရေလမ်းကောင်းမွန်ရေး သဲသောင်တူးဖော်ခြင်းအတွက် ကျပ် (၂၇၅)သန်း၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဗိုလ်မြတ်ထွန်းတံတား ရေလမ်းကောင်းမွန်ရေးအတွက် ရေလွဲရေကာတာတည်ဆောက်ခြင်း ကျပ် သန်း(၁၅၀)၊ ဟင်္သာတခရိုင်တွင် လုပ်ငန်း (၁)ခုဖြစ်သောဟင်္သာတခရိုင် ဇလွန်အိုးဘို- ဒေါင်ကြီး ရေလမ်းကောင်းမွန်ရေး သဲသောင်တူးဖော်ခြင်းအတွက် ကျပ် (၂၉၆)သန်းတို့ဖြင့် အကုန်ကျ ခံကာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မျိုးမင်းသိန်း(မရမ်းကုန်း)

 

 

mdn