နေပြည်တော် ၂ ဇန်နဝါရီ

 

မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန်စီစဉ်သူများကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ထောင်ဒဏ်နှစ်(၂၀)စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ အမှတ်(၁) ရပ်ကွက်နေ မနိုင်၊ ၅၂ နှစ်၊ (ဘ) ဦးမောင်အေးနှင့် မစုလှိုင်၊ ၄၉ နှစ်၊ (ဘ) ဦးထွန်းရင်တို့သည် တစ်မြို့တည်းနေ မxxxxx၊ ၂၅ နှစ် နှင့် မxxxxx၊ ၃၀ နှစ်တို့အား ရန်ကုန်မြို့ရှိ အထည်ဆိုင်တစ်ဆိုင်တွင် တစ်လ(၂) သိန်းကျပ်ရမည်ဟု ပြောဆို စည်းရုံးလျက် ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး ရန်ကုန်၊ မူဆယ်၊ ရွှေလီ လမ်းကြောင်းအတိုင်း ဆက်လက်ခေါ်ဆောင်သွားကာ တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုအား ကျောင်းကုန်း မြို့မရဲစခန်း (ပ) ၁၂၅/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှု ရေးဖွင့်ခဲ့ပြီး ပုသိမ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်တွင် တရားခံ မနိုင်နှင့် မစုလှိုင်တို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်