ပုသိမ် ဩဂုတ် ၁၇

 

၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ပုသိမ်တက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

တိုက်တွန်းပြောကြား

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ကာယဗလမောင်၊ ကာယအလှမယ် အားကစားသမားများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းကင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း ဆုံးဖြတ်ပေးရန်၊ ယခုပြိုင်ပွဲမှတစ်ဆင့် တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့်ထိအောင် ဂုဏ်ဆောင်နိုင်ကြသည့် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲဝင် စည်းကမ်းများအား ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုး သမီးရေးရာ အဖွဲ့နာယက၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌတို့က ပုသိမ်တက္ကသိုလ် အားကစား လှုပ်ရှားမှုများနှင့် ကာယဗလမောင်နှင့် ကာယအလှ မယ်ပြိုင်ပွဲအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ ပုသိမ်တက္ကသိုလ် ခေတ္တပါမောက္ခချုပ်က လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသူများ၏ တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်မှုများ၊ ပုသိမ်တက္ကသိုလ်အနုပညာအသင်း၊ ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ၏ ကပြဖျော်ဖြေမှုများ၊ ကာယဗလမောင်နှင့် ကာယအလှမယ် များ၏ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုများ၊ ကာယဗလမောင်များ၏ သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြ သည်။

 

ဆုများ ပေးအပ်ချီးမြှင့်

ထို့နောက် ကာယဗလမောင် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ကာယအလှမယ် ပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ Eposoft အလှမယ်ဆု၊ ဟန်အမူအရာ အကောင်းဆုံးဆု၊ ပြုံးအလှမယ်ပိုင်ရှင်ဆုနှင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တိုင်းဒေသကြီးအမျိုးသမီး ရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။ ပုသိမ် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲတွင် ပုသိမ်တက္ကသိုလ်ဘာသာရပ် အသီးသီးမှ ကာယဗလမောင် ရှစ်ဦးနှင့် ကာယအလှမယ် ၂၂ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)