ပုသိမ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ပူးပေါင်းဆောင်ရွက်
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအတွင်း ရေထု၊ လေထု အရည်အသွေးများအား လစဉ်တိုင်းတာဆောင်ရွက်လျက်ရှိပြီး ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ်များနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ငန်းများကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် စိစစ်ကြပ်မတ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိုဇုန်းလွှာပျက်စီးခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာရပ် ဖြစ်သည့်အတွက် လူသားများနှင့် ကမ္ဘာပေါ်ရှိသက်ရှိများ ကျန်းမာပျော်ရွှင်စွာ အသက်ရှင် နေထိုင်နိုင်ရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်စ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး မစ္စအင်ဂါအန်ဒါစန်၏ ဗီဒီယိုမက်ဆေ့နှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုပြသမှုတို့ကို ကြည့်ရှုအားပေးသည်။
လှည့်လည်ကြည့်ရှုအားပေး
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (ပထမ) နှင့် ပန်းချီပြိုင်ပွဲ (ပထမ)ဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (ဒုတိယ)နှင့် ပန်းချီပြိုင်ပွဲ(ဒုတိယ)ဆုရရှိသူများအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (တတိယ)နှင့် ပန်းချီပြိုင်ပွဲ (တတိယ)ဆုရရှိသူများအား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြသထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


