ဧရာဝတီတံတား(ထီးချိုင့်)ရေလမ်းကြောင်းပြောင်းလဲမည် 

နေပြည်တော်  ၁၄ ဇန်နဝါရီ 

 

ဧရာဝတီတံတား(ထီးချုင့်) ရေလမ်းတွင်ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်(၁၃)နှင့် (၁၄)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၁၄) နှင့် (၁၅)အကြားမှ လည်းကောင်း၊ ဖွင့်လှစ်ထားခဲ့သည်။ 

 

ယခုအခါရေနည်းကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ရေလမ်းကြောင်းအခြေအနေအရ ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ဇန်နဝါရီ (၁၅) ရက်မှစ၍ အစုန်/အဆန်လမ်းအဖြစ်  ရေလယ်တိုင် အမှတ် (၁၅)နှင့် (၁၆)အကြားသို့ ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်သည်။

 

ပြောင်းလဲမည့် ရေလမ်း၏ကင်းလွတ်အကျယ်မှာ ပေ ၂၀ဝ ရှိပြီး ကင်းလွတ် အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက် ၄၇ ပေရှိသည်။ ရေယာဉ်များဖြတ်သန်း ရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍၊ ညအခါ မီးစိမ်း ထွန်းပြသထားမည်ဖြစ်သည်။ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေ ခတ်အမှတ် အသားပြသ၍၊ ညအခါမီးနီထွန်းပြသထားမည်ဖြစ်သည်။

 

တံတားရေလယ်တိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဘက်တစ်ချက်တွင် ၁၅ ပေခန့် အစွန်းထွက်နေသဖြင့် ရေယာဉ်များရေ လယ်တိုင် (၂)ခုအကြားမှ ယှဉ်ပြိုင် ခုတ်မောင်းခြင်းမပြုကြရန်နှင့် တွဲရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သောအကွာ အဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန် ထားကြောင်း သိရသည်။ 

 

(သတင်းစဉ်)