ဂျာမနီနိုင်ငံရှိ တက်စလာကားစက်ရုံအနီး ရှို့မီးသံသယဖြစ်ရပ်ကြောင့်  စက်ရုံပိတ်ထားရ

ဘာလင်   မတ်    ၆

ဂျာမနီနိုင်ငံရှိ      တက်စလာ     ကားစက်ရုံအနီး၌  မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက်  လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်နားထားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ ရှို့မီးဟုသံသယရှိသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံရဲတပ်ဖွဲ့က   ပြောသည်။    တက်စလာကား စက်ရုံသည် ဂျာမနီနိုင်ငံအရှေ့ပိုင်းရှိ ဘရန်ဒန် ဘာ့ဂျ်၌ တည်ရှိပြီး  မတ် ၅ ရက်က  မီးလောင်မှုကြောင့်  လျှပ်စစ်တာဝါတိုင်    ပျက်စီးခဲ့ရပြီး    လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်၍ လုပ်ငန်းလည်ပတ်မှုကို  ရပ်နားထားရသည်။ 

စက်ရုံ၏   ထုတ်လုပ်မှုလုပ်ငန်းများ အနှောင့်အယှက်ဖြစ်စေရန်    လက်ဝဲစွန်းရောက်  သဘာဝ ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားမှုအုပ်စုက မီးစတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံမီဒီယာများတွင် ဖော်ပြသည်။

၂၀၂၁  ခုနှစ်ကလည်း     တက်စလာစက်ရုံရှိရာ နေရာ၌    ဓာတ်အားပေးစက်ရုံကို   အဆိုပါအုပ်စု ကပင် မီးရှို့မှုပြုလုပ်ခဲ့သည်ဟု ပြည်နယ်အာဏာပိုင်များက  ပြောသည်။  အဆိုပါစက်ရုံ တည်ရှိရာ နေရာမှာ ဥရောပတွင် တက်စလာ၏ ပထမဆုံးထုတ်လုပ်ရေးနေရာလည်းဖြစ်သည်။

ယင်းစက်ရုံတွင်    လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် လူပေါင်း ၁၂၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိသည်။ လာမည့် ရက်အနည်းငယ်ကြာသည်အထိ    ဓာတ်အားရရှိမှုတွင်   အဟန့်အတားများရှိနေဦးမည်ဟု  စက်ရုံအာဏာပိုင်များ ကပြောသည်။ ယခုသီတင်းပတ်အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ဦးမည်မဟုတ်ဟု သိရသည်။                            အင်န်အိတ်ချ်ကေ