ကန့်ဘလူ ၂၂ မတ် 


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းရွှေ ဦးဆောင်၍ အဖွဲ့ဝင်ရှစ်ဦးပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ခရိုင်အတွင်း GAP အသိအမှတ်ပြုလက်မှတ် ရရှိရေး လျှောက်ထားသော သရက်ခြံများသို့ ယနေ့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

1


ယင်းသို့စစ်ဆေးရာတွင် ကျွန်းလှမြို့နယ် လင်းရောင်ဝင်းကုမ္ပဏီပိုင် သရက်ခြံအမှတ် (၁/၂/၃/၄) တို့တွင် GAP အသိအမှတ်ပြုလက်မှတ် ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် မြေ၊ ရေ၊ မျိုးစေ့၊ ပျိုးပင်၊ မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ၊ ဓာတုဆေးဝါး အသုံးပြုမှုများအား စနစ်တကျသုံးစွဲ၍ မှတ်တမ်းထားရှိခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် ဓာတုပစ္စည်းများအား စနစ်တကျ သုံးစွဲ၍ စနစ်တကျစွန့်ပစ်ခြင်းရှိ မရှိ၊ လုပ်သားများ၏ ကျန်းမာရေး၊ လူမှုရေးအထောက်အပံ့များ စီမံဆောင်ရွက်ခြင်း၊ သင်တန်းများတက်ခြင်း၊ သရက်ခြံများရှိ သိုလှောင်ရုံ၊ လုပ်သားနားနေဆောင်၊ သန့်စင်ခန်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ သရက်ထုပ်ပိုးရုံများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

 

1


ထို့ပြင် မတ် ၁၉ ရက်က ကန့်ဘလူမြို့ရှိ အေးမြစိုးဖောင်ဒေးရှင်း သရက်ဧက ၁၀ဝ၀ ခြံသို့လည်းကောင်း၊ မတ် ၂၁ ရက်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ (ကန့်ဘလူ သရက်ခြံ) တို့တွင်လည်း သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ပြည်စုံမှုရှိမရှိစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
GAP Certificate လျှောက်ထားခဲ့သည့် တောင်သူများ၏ သီးနှံထွက်ရှိချိန်၊ဈေးကွက်ကို စတင်ပို့သည့်အချိန်တို့တွင် Certificate ပေးနိုင်အောင်ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက GAP အသိအမှတ်ပြု လက်မှတ်များ အချိန်မီထုတ်ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကန့်ဘလူခရိုင်တွင် GAP အသိအမှတ်ပြုလက်မှတ် ရရှိရေး လျှောက်ထားသော သရက်ခြံ (၁၉) ခြံရှိပြီး ကျန်သရက်ခြံများ၏ မြေနမူနာများကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းရွှေ ထံမှ သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ) 

 

1