ရန်ကုန် အောက်တိုဘာ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (ဂိုဏ်းပေါင်းစုံ) သံဃနာယက နှင့် ဝိနည်းဓိုရ်သင်တန်းဆင်း အောင်လက်မှတ် ဆက်ကပ်ချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အမှူးပြုသည့် သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်များမှ သံဃနာယက ဆရာတော်များနှင့် သင်တန်းသား ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရန်ကုန်မြို့ရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဋ္ဌက သင်တန်းမှူး ဆရာတော်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ၊ သင်တန်းသား ဆရာတော်များအား မြို့နယ်အလိုက် သင်တန်းဆင်း အောင်လက်မှတ်များကို ဆက်ကပ်ချီးမြှင့်သည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ ကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

အခမ်းအနားအပြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရန်ကုန်မြို့ရှိဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက သင်တန်းဩဝါဒါစရိယ ဆရာတော်များ၊ သင်တန်းနည်းပြ ဆရာတော်များနှင့် သင်တန်းသား ဆရာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်