ဂါဇာဒေသ၌ အစ္စရေး၏တိုက်ခိုက်မှုကြောင့် လွန်ခဲ့သော၂၄ နာရီအတွင်း ပါလက်စတိုင်း ၈၆ ဦးသေဆုံး၊ ၁၁၃ ဦး ဒဏ်ရာရ

မတ် ၇

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ပါလက်စတိုင်း ၈၆ ဦး သေဆုံးပြီး အခြား ၁၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေး- ဟားမတ်စ် ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက် ပါလက်စတိုင်းသေဆုံးမှု ၃၀၇၁၇ ဦး၊ ဒဏ်ရာရရှိသူ ၇၂၁၅၆ ဦးရှိလာကြောင်း ထိုဝန်ကြီးဌာနက ထပ်လောင်းပြောသည်။ အဆိုပါဒေသ၌ အရပ်ဘက်ကာကွယ်ရေးနှင့် လူနာတင်ယာဉ်၊ ဆေးဘက်ဆိုင်ရာအဖွဲ့များ လျော့နည်းလျက်ရှိပြီး အစ္စရေးတို့က ပြင်းထန်သောဗုံးကြဲတိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်လျက်ရှိသဖြင့်  အပျက်အစီးများအောက်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့အပေါ် အစ္စရေးတို့က အကြီးစားထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို