ဂါဇာဒေသသို့ စားနပ်ရိက္ခာကူညီမှုများ ဝေဟင်မှ အမေရိကန်ချပေး

ဝါရှင်တန်၊ မတ် ၃

ဂါဇာဒေသ၌ အစားအသောက်ပြတ်လပ်မှု အခြေအနေဆိုးရွားနေခြင်းမှ လျော့ပါးစေရေးအတွက် အမေရိကန်သည် ပထမဆုံးအကြိမ်အဖြစ် ဝေဟင်မှ အစားအသောက်ချပေးခြင်းများပြုလုပ်ခဲ့ ကြောင်း သိရသည်။  အမေရိကန်တပ်ဖွဲ့နှင့် ဂျော်ဒန်တပ်ဖွဲ့တို့သည် မတ် ၂ ရက်က အစားအသောက်များ ပါဝင်သည့် သေတ္တာများကို ဝေဟင်မှတစ်ဆင့် ချထားပေးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ ဗဟိုကွပ်ကဲရေးနှင့် အဆင့်မြင့်အရာရှိကြီးများက ပြောသည်။

 

ပထမဆုံးအကြိမ်ဝေဟင်မှချထားပေးခြင်းဖြစ်

 

အဆိုပါပူးတွဲလုပ်ဆောင်မှုအတွင်း စီ - ၁၃၀ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် မြေထဲပင်လယ် ကမ်းရိုးတန်းတစ်လျှောက် အစားအစာ သေတ္တာ ၃၈၀၀၀ ကျော်ကို ချထားပေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ဟားမားစ်အုပ်စုနှင့်အစ္စရေးတို့ ပဋိပက္ခ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ပထမဆုံးကြိမ် အဖြစ် အမေရိကန်က ဝေဟင်မှ ထောက်ပံ့ရေးပစ္စည်း များ ချထားပေးခြင်းလည်းဖြစ်သည်။

 

 စစ်ဆေးရေးဂိတ်နှစ်ခုဖြတ်သန်းသွားလာခွင့်ပြု

 

ပင်လယ်ရေကြောင်းလမ်းတွင် သင်္ဘောများမှတစ်ဆင့် အကူအညီများပေးပို့ရန် ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က  စဉ်းစားလျက်ရှိသည်။  အကူအညီ အထောက်အပံ့များ တင်ဆောင်လာသည့် ကုန်တင် ယာဉ်များကို ဂါဇာတောင်ပိုင်း စစ်ဆေးရေးဂိတ် နှစ်ခုမှ ဖြတ်သန်းသွားလာခွင့် ပြုပေးထားသည်။

 

အကူအညီများရောက်ရန်ခက်ခဲနေ

ထို့ကြောင့် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ကြုံတွေ့ ရန် ခြေတစ်လှမ်းအလို ရောက်ရှိနေသည့် ဂါဇာ မြောက်ပိုင်းဒေသသို့  အဆိုပါအကူအညီများ ရောက်ရန် ခက်ခဲနေသည်။ ဂါဇာဒေသသို့လာမည့် ရက်များအတွင်း ဝေဟင်မှတစ်ဆင့် အစား အသောက်အကူအညီများ ချပေးသွားမည်ဟု မတ် ၁ ရက်တွင် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။     

အင်န်အိတ်ချ်ကေ