ဇန်နဝါရီ ၉
ဂါဇာတောင်ပိုင်း ခန်းယူနစ်တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုနှစ်ခုအတွင်း ပါလက်စတိုင်းလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဂါဇာအရပ်ဘက်ကာကွယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘာဆယ်က မာဝါစီဒေသရှိ အယ်လ်အာဘာဒလာမိသားစုပိုင် တဲတစ်လုံး လေကြောင်းတိုက်ခိုက်မှု ထိမှန်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များသည် လူသုံးဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း ပြောကြားသည်။
သီးခြားတိုက်ခိုက်မှုတစ်ခုတွင် အစ္စရေးဒရုန်းတစ်စင်းသည် ခန်းယူနစ်ရှိ အဝါရောင်မျဉ်းအနီး ရှိတ်နာဆာဧရိယာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် အသက် ၃၉ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဆေးဘက်ဆိုင်ရာရင်းမြစ်များက ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်နှစ်ခုနှင့်ပတ်သက်၍ အစ္စရေးတို့ဘက်က ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သော ၄၈ နာရီအတွင်း အလောင်းလေးလောင်းနှင့် ဒဏ်ရာရသူခုနစ်ဦးကို ဆေးရုံအသီးသီးတွင် လက်ခံရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ချိန် အောက်တိုဘာ ၁၀ ရက်ကစတင်ကာ အစ္စရေး၏တိုက်ခိုက်မှုများကြောင့် လူ ၄၂၅ ဦး သေဆုံးပြီး ၁၂၀၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကနောက်ပိုင်း ဂါဇာတွင် စုစုပေါင်းသေဆုံးသူ ၇၁၃၉၅ ဦးရှိပြီး ၁၇၁၂၈၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


