ဂျက်စတင်ဘီဘာရဲ့ စံချိန်ကို ကျော်လွန်ခဲ့တဲ့ BTS

၁၆  သြဂုတ်

 

တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “BTS”ဟာ လတ်တလောမှာတော့ ဂီတလောကမှာ မှတ်တိုင်သစ်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ “BTS” ဟာ ဘေဘုတ်ရဲ့ “Social 50” စာရင်းမှာ နံပါတ်တစ်နေရာကို ဆက်လက်ရယူ ထားနိုင်ခဲ့ပါတယ်။ ဒီလိုနံပါတ်တစ်နေရာ ရယူထားနိုင်ခဲ့တာဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ သီတင်းပတ် ၅၇ ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပြီး ယခင်က အချိန်အကြာဆုံး ရပ်တည်နိုင်ခဲ့သူအဖြစ် စံချိန်တင်ထားခဲ့တဲ့ ကနေဒါလူမျိုး ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာရဲ့ စံချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ဒါကြောင့် လတ်တလောမှာတော့ “BTS”ဟာ “Social 50”စာရင်းမှာ အချိန်အကြာဆုံး ရပ်တည်နိုင်ခဲ့တဲ့ တေးသံရှင်တွေ အဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခင်က စံချိန်တင်ထားခဲ့တဲ့ ဂျက်စတင်ဘီဘာကတော့ သီတင်းပတ် ၅၆ ပတ် ဆက်တိုက် နေရာရခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဖွဲ့ရဲ့ ပရိသတ်တွေဖြစ်ကြတဲ့ “ARMYs” တွေ အတွက်လည်း “BTS”ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲကျင်းပဖို့ရာ နောက်ထပ်အကြောင်းအရာတစ်ခု တိုးလာခဲ့ပြီ ဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

 

တတိယနေရာမှာတော့ သီတင်းပတ် ၂၈ ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တဲ့ အမေရိကန် ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်က ရပ်တည်နေပါတယ်။ သူ့ရဲ့နောက်မှာတော့ အခြားသော ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ရီဟားနားက နေရာရနေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

အေးပြည့်