ဂန့်ဂေါ  ၂၆  မတ် 


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် အတွင်းရှိ ရေရှင်မကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။


ဂန့်ဂေါ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၃ ဒသမ ၄၅ သန်းဖြင့် ရေရှင်မကျေးရွာ၌ ကျေးရွာတွင်း အရှည်ပေ ၆၂၈၀၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိသော မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်ဆောင်ရွက်လျက်ရှိရာ ယခု ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးအောင်ဇေယျက ပြောပြသည်။


အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများအား မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်(ညွှန်ကြားရေးမှူး)၊ ဂန့်ဂေါခရိုင်ကျေးလက်ဦးစီးမှူး ဦးဝင်းအောင်၊ ဂန့်ဂေါ မြို့နယ် ကျေးလက် ဦးစီးမှူး ဦးအောင်ဇေယျနှင့် ဝန်ထမ်းများက ယမန့်နေ့ မွန်းလွဲ ၃နာရီခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ရေရှင်မကျေးရွာရှိ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း ခင်းကျင်းနေမှုများကို ကြည့်ရှုစစ်ဆေးရာ မြေနီကျောက်စရစ်ဖြန့်ဖြူးခြင်း အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။


အဆိုပါ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက ၎င်းကျေးရွာရှိ အိမ်ခြေ ၃၅၀ မှလူဦးရေ  ၁၄၆၁  ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ဇေယျက ပြောပြသည်။


ဆက်လက်၍ ဂန့်ဂေါမြို့နယ် အတွင်း၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ ကျပ်သန်း (၁၂၀)၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၉ ဒသမ ၈၉၀ သန်းဖြင့် ကျေးရွာ( ၁၂ )ရွာတွင် ကျေးရွာတွင်းမြေနီ ကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်း (၈)ခု၊ ကျေးရွာ စာသင်ကျောင်းဆောင် ပြုပြင်ခြင်း လုပ်ငန်း(၂)ခု၊ ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ခြင်း လုပ်ငန်း (၁)ခု၊ ကျေးရွာသောက်သုံးရေရရှိရေးလုပ်ငန်း (၁)ခုတို့အား သတ်မှတ်ဘဏ္ဍာနှစ်အမီ ပြီးစီးရေးဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်ကျေးလက် ဦးစီးမှူးက ပြောပြ၍ သိရသည်။


ငြိမ်းသူ(စလင်း)