ဂန့်ဂေါ   ၂၅   မတ်    

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ယာပြင်ကျေးရွာ၌ သောက်သုံးရေရရှိရေးအတွက် အဝီစိစက်ရေတွင်းတူးဖော်ခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။  

 

တောင်ယာပြင်ကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၁ သန်းဖြင့် အနက်ပေ ၃၀ဝ ရှိ လေးလက်မ စက်ရေတွင်းတူးဖော်ခြင်း ၊ အမြင့် ၂၀ ပေရှိ ဂါလန် (၂၄၀ဝ)ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ အလျား ၅ပေ အနံ ၅ ပေ အမြင့် ၇ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။  

 

အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဇာဝင့်၊  ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်နှင့် မြိုနယ်တာဝန်ရှိသူများက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

 

ဂန့်ဂေါခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် တောင်ယာပြင် ကျေးရွာအပါအဝင် ကျေးရွာ(၁၆)ရွာ၌ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတစ်ခု၊ လက်တူးတွင်း တူးဖော်ခြင်းလုပ်ငန်းနှစ်ခု၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းနှစ်ခု၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းနှစ်ခု၊ အခြားရေရရှိရေးလုပ်ငန်းကိုးခု စုစုပေါင်း လုပ်ငန်း (၁၆)ခုကို ငွေကျပ် ၁၉၁ ဒသမ ၃၈၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းလွင်(မကွေး)