ဂန့်ဂေါ ၁၅ ဧပြီ
ဂန့်ဂေါမြို့နယ်၌ ၂၀၁၉ ခုနှစ် မိုးရာသီတွင် မိုးနှမ်းဧက ၁၅၀ဝ ကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP စနစ်) နှင့်အညီ စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်းနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းကို ၂၀၁၈ ခုနှစ်တွင် မိုးနှမ်း ၄၄၄ ဧကကို စတင်စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ GAP စနစ်ဖြင့် နှမ်းသီးနှံကို ၂၀၁၈ ခုနှစ် မိုးရာသီတွင် ကျေးရွာ ၅ ရွာ၌ စိုက်ပျိုးရာ “မနှစ်က ကျွန်တော်ဦးဆောင်တဲ့ တောင်သူအစုအဖွဲ့က နှမ်းနက်သီးနှံ ဧက ၂၀ဝ ကို GAP စနစ်နဲ့ စိုက်ပျိုးခဲ့ပါတယ်၊ စိုက်ပျိုးရေးဦးစီးဌာနက အဆင့်ဆင့်သော ပညာရှင်တွေ ကွင်းဆင်းစစ်ဆေးကြပါတယ်၊ စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်လည်း GAP အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်” ဟု မြောက်ခင်ရန်းကျေးရွာမှ တောင်သူဦးဝင်းကြိုင်က ပြောသည်။
၂၀၁၈ ခုနှစ်တွင် ဂန့်ဂေါမြို့နယ်မှ တောင်သူအဖွဲ့ ၃ ခုက GAP အသိအမှတ်ပြုလက်မှတ် ၃ ခုရရှိခဲ့ပြီး နှမ်းနက်စိုက်ပျိုးခြင်းမှ ရရှိခြင်းဖြစ်ကာ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့်နှမ်းသည် အရည်အသွေးကောင်း၍ ဈေးကောင်းရရှိသည့်အပြင် စားသုံးသူကို ဘေးဥပါဒ်ကင်းစေ၍ ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် လုပ်ငန်းဖြစ်သည်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထင်အောင်ကြွယ် ပြောပြချက်အရ သိရသည်။
ယခုအခါ ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာများသို့ ကွင်းဆင်းပြီး တောင်သူဦးကြီးများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ခြင်း၏ အရေးပါအကျိုးရှိပုံများကို လည်းကောင်း ကွင်းဆင်းပညာပေး ဆွေးနွေးလျက်ရှိကြကြောင်းနှင့် နှမ်းမျိုးရရှိနိုင်ရေးကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သန်းဆွေ ခရိုင်(ပြန်/ဆက်)


