ဂန့်ဂေါမြို့နယ်တွင် ဆောင်းသီးနှံများ ပိုးမွှားကျရောက်မှု ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ  ၁၃  ဇန်နဝါရီ

 

ဂန့်ဂေါမြို့နယ်အတွင်း စိုက်ပျိုးထားသော ဆောင်းသီးနှံများတွင် ပိုးမွှားရောဂါကျရောက်မှုကြောင့် သီးနှံများပျက်စီဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ စိုက်ခင်းများအရောက် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

 

“ဂန့်ဂေါမြို့နယ်မှာ မိုးမှာဆို စပါးနဲ့ မိုးနှမ်းက စိုက်ဧက အများဆုံးဖြစ်ပြီးတော့ ဆောင်းမှာဆို ထောပတ်ပဲက အများဆုံးဖြစ်ပါတယ်၊ ဒီနှစ်မှာဆို ထောပတ်ပဲ ဧက နှစ်သောင်းကျော် စိုက်ပျိုးထားပါတယ်။ ထောပတ်ပဲ စိုက်ခင်းတွေမှာ အပင်ပြလက္ခဏာ ရောထွေးတတ်တဲ့ ပင်စည်ထိုးပိုး၊ မြစ်ထွင်းပိုးနဲ့ မြစ်ခြောက်ဆွေး ရောဂါတွေကို တောင်သူတွေ သေသေချာချာ ဂရုပြုခွဲခြားတတ်စေဖို့နဲ့ လိုအပ်တဲ့ ကာကွယ်နှိမ်နင်းမှုတွေ လုပ်တတ်စေဖို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေအနေနဲ့ ကွင်းဆင်းပြီး ပိုးမွှားကင်းထောက်တာ ဖြစ်ပါတယ်၊ နည်းပညာပေး ဆွေးနွေးတာတွေ ဆောင်ရွက်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမြင့်ဇော်က ပြောသည်။

 

ထိုသိ်ု့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့က ဟံသာဝတီကျေးရွာနှင့် မြောက်ခင်ရန်းကျေးရွာတို့ရှိ ထောပတ်ပဲသီးနှံများတွင် ပိုးမွှားရောဂါ ကျရောက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပိုးမွှားအန္တရာယ်ကို သတိပြု စောင့်ကြည့်ကာ လိုအပ်သည့် ကာကွယ်နှိမ်နင်းမှုများကို ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကျော်သန်းဆွေ(ပြန်/ဆက်)