mdn

သတင်းဆောင်းပါး - ဆူးငှက်

၁၉၃ဝ ပြည့်နှစ်ဝန်းကျင်ကာလက မန္တလေးတွင် “မြို့မ” ဟူသော အပျော်တမ်းတူရိယာ အသင်းတစ်သင်း ပေါ်ပေါက်လာချိန်၌ မြို့မအသင်းသားများ အများစု နေထိုင်ရာ တရုတ်တန်းရပ်ကွက်နှင့် မလှမ်းမကမ်း (၃၁)လမ်း ပဒေသာပင်တန်း၌လည်း တီးဝိုင်းတစ်ဖွဲ့ရှိနေခဲ့သည်။ “မာဃ”ဟု အမည်တွင်၏။ တစ်ရပ်တည်းသားတွေမို့ ပါဝင်တီးမှုတ်သူတွေက ဟိုဝိုင်းသည်ဝိုင်း ဝင်ရောက်တီးမှုတ် ကြပေမယ့် ထိုနှစ်ဝိုင်းက ဂူတစ်ဂူတည်းမှ ခြင်္သေ့နှစ်ကောင် လို ဗိုလ်မထားဘဲ အပြိုင်အဆိုင်ဖြစ်နေကြသည်။

 

ပြိုင်ဘက် နှစ်သင်း

 
ထိုနှစ်ဝိုင်းမှ အသင်းသားများကလည်း တရုတ်တန်းနှင့် ၂၉ လမ်းထိပ်အနီးက “ဦးတော်” လက်ဖက်ရည်ဆိုင်မှာ ဆုံလျှင်ဆုံဖြစ်ကြသည်။ ထိုဆိုင်မှာ ဆရာကြီးဦးရာဇတ်၏ နေရှင်နယ်ကျောင်းသားများလည်း ထိုင်တတ်၏။ ထိုဆိုင်မှာ မြို့မ၊ မာဃစကားနိုင်လုကာ ငြင်းခုံကြသလို ဘားတန်းများမပါသော ပြောင်ချောလက်တံနှင့် ဘင်ဂျိုကို ကွမ်းသီးဖက်ဆေးလိပ်အတုတ်ကြီး လက်ကြားညှပ်ကာ သီချင်းတစ်ပုဒ်အပီအပြင် တီးပြနေသည့် ကိုဘညိန်းအနား ဝိုင်းကာ အံ့အားတသင့် နားထောင်ခဲ့ကြသည်လည်းရှိ၏။ မည်သို့ဆိုစေ ဂီတနှင့်ပတ်သက်လျှင်တော့ ထိုနှစ်သင်းက အတင်စီးမခံဘဲ ဆတ်ဆတ်ထိမခံ ပြိုင်မြဲပြိုင်ကြသည်။


ထိုစဉ်က နာမည်ကျော်စ သီချင်းရေးဆရာ နန်းတော်ရှေ့ ဆရာတင်က မြို့မအတွက် သီချင်းများ ရေးသားပေး နေသောအခါ မာဃလူငယ်များက သူတို့အသင်းတိုက်သို့ နန်းတော်ရှေ့ဆရာတင်ကို ပင့်ဖိတ်ကာ ထမင်းစားပွဲဖြင့် ဧည့်ခံပြီး မာဃအတွက်လည်း သီချင်းရေးပေးဖို့ “အတင်း အကျပ်” တောင်းဆိုခဲ့ဖူးသည်ဆို၏။ ထိုသတင်းကြောင့် မင်းသမီးလေဘာတီမမြရင်ကလည်း မြို့မနှင့်ချည်း သီဆို ဖျော်ဖြေနေရာမှ မာဃနှင့် တစ်လှည့်တစ်ဖန် ပူးတွဲသီဆို ခဲ့ရပြန်သည်။ ထိုစဉ်က မာဃနှင့် တွဲဖက်ရာတွင် မမြရင်၏ နာမည်ကြီးသီချင်းမှာ ကိုရွှေမောင်ရေးသားသော တစ်နာရီ တည်း မောင်နဲ့ချစ်ပါရစေ သီချင်းဖြစ်သည်။ (လေဘာတီ မမြရင်၊ မြို့မနှင့် ပင်တိုင်တွဲနေစဉ်က မာဃမှာ ဩဘာ သောင်းက ပင်တိုင်ဖြစ်သည်။)

 

ချောင်းကိုပစ်ကာ မြစ်ကိုရှာ


ထို့ကြောင့် မြို့မငြိမ်းက “ချောင်းကိုပစ်ကာ မြစ်ကိုရှာ၊ ရေသာများတော့သည် ထွေရာများတော့သည်၊ ငါးမတွေ့ နိုင်တဲ့၊ ဟင်္သာထက်ကဲ၊ ဝမ်းဘဲဘွဲ့ထူးချီ ခေါ်လောက် ပါပေသည် အစချီ “မန်ဒါလီ” သီချင်းဖြင့် ခနဲ့လိုက်လေ သည်။ မာဃကလည်း ဦးကျော်အေးကဲ့သို့ ပုဂ္ဂိုလ်မျိုး တည်ထောင်ပြီး ပစ္စည်းကောင်းလူကောင်းတွေနှင့်မို့ ဆတ်ဆတ်ထိမခံဘဲ တူရိယာဂုဏ်သတင်းနယ်၊ အသင်း မာဃ တူရိယာဂုဏ်သတင်းနယ်၊ အသင်းမာဃ ဒါမက သာပေတယ်။ မြို့ကျက်သရေ တက်နေဆောင်လို့ အပေါင်း ပြောကြတယ်။ ထူးခြား၍ အမှန်ပင်တကယ် မာဃအဖွဲ့ သာပေတယ်” ဟု ကလိပြန်၏။ မြို့မက ပြန်လည်၍ သူ့ထက်တစ်နှစ်ငယ်တဲ့ မာဃကို “ကျန်းခံတော်သာလွန်း လို့ မြို့မက မေတ္တာလည်းပို့သည်။ ဒီနှစ်မှ တွေ့ရ၊ ဟောဒီနှစ်မှ တွေ့ရ၊ မျက်နှာစုံညီ စုံစုံညီ၊ စုံစုံညီဟူ၍ တုံ့ပြန်ပါသည်။
မြို့မ၊ မာဃတို့နည်းတူ နာမည်ကျော် အခြားအသင်း တစ်သင်းမှာ မင်္ဂလာဈေးရပ်မှ မင်္ဂလာညွန့်အသင်း ဖြစ်ပါ သည်။ အရေးပိုင်မင်း ဦးစိန်ရိုး၏သား ကိုလှမင်း ဦးစီးသော အသင်းဟု ဆို၏။ မြို့မနှင့် မာဃပြိုင်ပွဲတွင် မင်္ဂလာညွန့်က ကြားနေခဲ့သည်။ နှစ်ဖက်ပြိုင်ဆိုင်မှု တင်းမာလာချိန်တွင် မင်္ဂလာညွန့်က ““အသင်းချင်းက ပြည် ပဟိုရ်၊ ညီအစ်ကိုလို ပေါ့။ (ချစ်သွေးအင်မတန် အလွန်ညီ) …. “မြို့မ” က ချစ်သွေးညီ၊ “မာဃ”က ချစ်သွေးညီ”” ဟူ၍ သီဆိုခဲ့သည် ဆို၏။

 

အဲယားသမားတွေ


ဤသို့ဖြင့် ထိုခေတ်ထိုအခါက ကနဦးအနောက်တိုင်း လေမှုတ်တူရိယာပစ္စည်းများကို စတင်ကိုင်တွယ်ကာ တီးမှုတ်ကြသည့် တူရိယာအသင်းများ ထင်ပေါ်ကျော်ကြား လာကြသကဲ့သို့ လေမှုတ်တူရိယာသမားများကလည်း ဥပစာကောလိပ်ကျောင်းသား၊ ဆတ်ကျောင်းသားများ နှင့်ပင် ပခုံးချင်းယှဉ်ကာ မျက်နှာပွင့်ခဲ့ကြသည်။ ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့ကြသည်။ ထိုသို့ လူစွမ်း ကောင်း လေမှုတ်တူရိယာသမားများကို မြို့ပရိသတ်က အဲယား (air)သမားတွေဟု ကမ္ပည်းထိုး မော်ကွန်းတပ် ကြ၏။ “အဲယားသမား”တွေ၊ “အဲယားသမားတွေ” ဟု အရပ်သုံးခေါ်ဝေါ်လာခဲ့ကြသည်။

 


မြို့မ၊ မာဃတည်းဟူသော အဲယားသမားတွေ အချင်းချင်း ခနဲ့ကြ၊ ရိကြ။ ထိုးကြ၊ နှက်ကြလေသောအခါ နဂိုကတည်းက ဟာသဉာဏ်ရှိသော မြို့မငြိမ်းက ထို“တိုက်ပွဲ”၊ ထို “ပြိုင်ပွဲ” ကို သီချင်းတစ်ပုဒ်ဖြင့် ခပ်သော သောကလေး ရေးစပ်ကာ နိဂုံးကမ္ပတ် အဆုံးသတ်ပေး လိုက်သည်။


သီချင်းနာမည်က “အလှပြိုင်ပွဲ” တဲ့။