ဂျင်းရနံ့သွင်း ဝက်သားပြားကြော်

ဝက်သားနဲ့ ဂျင်းဟာ  ကိုယ်ခံအားကောင်းစေတယ်လို့  ယုံကြည်ထားကြပါတယ်။

 

ပါဝင်ပစ္စည်းများ ( ၂ ဦးစာ)

 

ခပ်ပါးပါးလွှာထားတဲ့ ဝက်သား ပေါင်သား - ၆ လွှာမှ ၈ လွှာ ( ၂၅၀ ဂရမ်)

 

ဂေါ်ဖီ  တစ်စိတ်( ၁၅၀ ဂရမ်)

 

ခရမ်းချဉ်သီး တစ်ခြမ်း

 

ခြစ်ထားသည့် ဂျင်း စားပွဲဇွန်း ၁ ဇွန်း

 

အာလူးမှုန့်  အနည်းငယ်

 

ဟင်းရွက်ဆီ စားပွဲဇွန်း  တစ်ဝက်

 

ရောစပ်ရန်အတွက်

 

ပဲငံပြာရည် စားပွဲဇွန်း ၂ဇွန်း

 

ဆာကေး  စားပွဲဇွန်း ၂ဇွန်း

 

Mirin ဆန်အရက် စားပွဲဇွန်း  ၁ဇွန်း

 

သကြား  စားပွဲဇွန်း တစ်ဝက်

 

ပြုလုပ်ပုံ

 

၁။ ဂေါ်ဖီကို ပါးပါးလှီးပြီး ရေခဲရေထဲမှာ စိ်မ်ထားပြီး ကြွပ်လာပါက ရေစစ်ထားပါ။ ခရမ်းချဉ်သီးကိုလည်း ဒေါင်လိုက်ထက်ခြမ်းလှီးပြီး တစ်စင်တီမီတာအထူ အလွှာလေးတွေ လှီးထားပါ။

 

၂။ အသားပြား ကြော်တဲ့အခါ အနားတွေ လိပ်မသွားဘဲ ပြားနေအောင်  အသားနဲ့ အဆီကြားအထိ အနားစွန်း နေရာတစ်လျှောက်  ၄ -၅ နေရာလောက်မှာ  ဓားရာပေးပါ။ 

 

၃။အသားပြားသုံးလေးပြားကို ယူ၊ ဖြန့်ခင်းပြီး  အာလူးမှုန့်အနည်းငယ် ဖြူးပါ။ နောက်တစ်ဖက်ကိုလည်း အာလူးမှုန့်တွေ ကပ်ပေးပါ။ ကျန်တဲ့အသားလွှာတွေကိုလည်း အလားတူ လုပ်ပေးပါ။ ခွက်တစ်ခုထဲမှာ ရောစပ်ရမယ့် အရည်တွေကို ထည့်ပြီး သမအောင်မွှေပါ။

 

၄။ ဒယ်အိုးတစ်ခုထဲမှာ ဆီထည့်ပြီး မီးအသင့်အတင့်နဲ့ ဝက်သားပြားတွေကို  အညိုရောင်သန်းသွားတဲ့အထိ ကြော်ပါ။ နှစ်ဖက်စလုံး အကျက်ညီသွားပြီဆိုရင် ဒယ်အိုးထဲက ဆယ်ပါ။ တစ်ခါထည့်ရင် ဝက်သား ၃ -၄ ပြား ထည့်ပြီးကြော်ပါ။

 

၅။  အသားပြားကြော်တွေကို  ဒယ်အိုးထဲပြန်ထည့်ပြီး ရောစပ်ထားတဲ့အရည်ကို အပေါ်ကနေ လောင်းထည့်ပါ။ ခြစ်ထားတဲ့ ဂျင်းတွေထည့်ပြီး  ဆော့စ်အရည်တွေ ကျက်သွားအောင် မီးအေးအေးနဲ့ တည်ထားပါ။ အသားပြား နှစ်ဖက်စလုံး အရသာတွေ ဝင်သွားအောင်  အသားပြားတွေကို တစ်ချက်တစ်ချက် လှန်ပေးပါ။

 

၆။ ပန်းကန်းပြားထဲထည့်ပြီး ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးတွေထည့်ပြီး ပြင်ဆင်ပါ။

 

ကိုးကား- NHK