ဂန္ထဝင် ဂီတတေးသံရှင် အေဝမ်းတင်တင်လှ၏ ရွှေရတုအလွန် ဂီတသံစဉ်ည ဖျော်ဖြေပွဲကျင်းပမည်

ရန်ကုန်   ၂၇   စက်တင်ဘာ 

 

တစ်ခေတ်တစ်ခါက   ရုပ်ရှင်သီချင်းများ၊ ရေဒီယိုသီချင်းများဖြင့် ကျော်ကြား အောင်မြင်ခဲ့သည့် ဂန္ထဝင်ဂီတတေးသံရှင် အေဝမ်းတင်တင်လှ၏ ရွှေရတုအလွန် ဂီတ သံစဉ်ည ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၃ ရက်(စနေနေ့)  ည ၆ နာရီတွင် ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန(IBC)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ဂီတဖျော်ဖြေပွဲနှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် ပြည်လမ်းရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန(IBC)၌ကျင်းပရာ ဂန္ထဝင် ဂီတ တေးသံရှင် အေဝမ်းတင်တင်လှက “ဆရာဝန် စာရေးဆရာမများဖြစ်ကြတဲ့ စာရေး ဆရာမ ဂျူး နဲ့ စာရေးဆရာမ မြကြာငုံ တို့က ကျွန်မကို ဂုဏ်ပြုတဲ့ပွဲ လုပ်ပေး ချင်တယ် ပြောတယ်။ သူတို့ကို လေးစားတဲ့အနေနဲ့ လက်ခံခဲ့တယ်။ ကျွန်မသီချင်းတွေကို အခုခေတ် အဆိုတော်ကလေးတွေက ပြန်ဆိုပေးမယ်။  ရုပ်ရှင်သီချင်းက များပါတယ်။  ရေဒီယိုသီချင်းက နည်းတယ်လေ။ ကျွန်မကို ဝိုင်းဝန်းပံ့ပိုးပေးတဲ့ အတွက်၊  ပွဲလေး ဖြစ်အောင်လုပ်ပေးတဲ့အတွက် အကုန်လုံးကို ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

 

ပွဲစီစဉ်သူ ဒေါက်တာတင်တင်ဝင်း(ဂျူး)က “စာရေးဆရာ ဆရာဝန်အသင်းရဲ့ ရန်ပုံငွေ ရှာဖွေတဲ့ပွဲမှာ အေဝမ်းတင်တင်လှကို ဖိတ်တယ်၊ သီချင်းလာဆိုပေးတယ်၊ အသံက အခုအချိန်ထိ အရင်တုန်းကလိုပဲ အသံကမကျဘူး၊ ချိုမြအေးကြည်နေတာပဲ။ အဲ့ဒီအသံကို သူ့ရဲ့ ချစ်တဲ့သူတွေ သိစေချင်တယ်။ မြန်မာသံစဉ်ကိုချစ်မြတ်နိုးတဲ့ သူတွေအတွက် ဒီပွဲကိုလုပ်ပေးတာပါ။ အေဝမ်းတင်တင်လှက လေး-ငါးပုဒ်ဆိုမယ်။ ကျန်တဲ့သီချင်းတွေကို အခြား အဆိုတော်တွေက သီဆိုသွားပါမယ်”ဟု ပြောသည်။

 

ပွဲစီစဉ်သူ ဒေါက်တာနီလာသိန်း(မြကြာငုံ)က “ဂန္ထဝင်အဆိုတော်ကြီး အေဝမ်း တင်တင်လှရဲ့ ဂီတသက်တမ်းက ၅၉ နှစ်ရှိပြီဆိုတော့ ရွှေရတုအထိမ်းအမှတ်အနေနဲ့ ရွှေရတုအလွန် ဂီတသံစဉ်ညဆိုပြီး ဂီတပဒေသာပွဲလေး လုပ်ပေးတဲ့သဘော ပေါ့။  အေဝမ်း တင်တင်လှရဲ့  ခေတ်ဟောင်းသီချင်းတွေ၊ ရုပ်ရှင်သီချင်းတွေ၊ ရေဒီယို သီချင်း တွေကို ခုခေတ်လူငယ်တွေ သိစေချင်တဲ့အတွက် ဂုဏ်ပြုဖော်ထုတ်ပေး ချင်တာပါ။ ရုပ်ရှင်သီချင်းတွေက ခုချိန်ထိ ခေတ်မီနေသေး တယ်ဆိုတာ ပြချင်တယ်၊ ဖျော်ဖြေတဲ့နေ့မှာ သီချင်းတွေအပြင် အကလည်းပါမယ်။ ဒီပွဲကိုလာရောက်ပြီး အားပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု ဆိုသည်။

 

အဆိုပါ ရွှေရတုအလွန် ဂီတသံစဉ်ည ဖျော်ဖြေပွဲကြီးတွင် အဆိုတော် ဖြိုးပြည့်စုံ၊ အောင်ထက်၊ နောင်ရဲထွဋ်၊ ရဲထိုက်၊ စန္ဒယားတင်ကိုကို၊ မီမီဝင်းဖေ၊ ကော်နီ၊ ချောစုခင်၊ သဲနုဝါ၊ မေသက်ထားဆွေ တို့က တေးသီချင်း ၂၅ ပုဒ်ဖြင့် အကများ၊ တေးသရုပ် ဖော်များဖြင့် တွဲဖက် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ 

 

လက်မှတ်များကို IBC တွင် ငွေကျပ် ၅၀ဝ၀ဝ၊  ၃၀ဝ၀ဝ နှင့် ၂၀ဝ၀ဝ တို့ဖြင့် ဝယ်ယူကြည့်ရှုနိုင်ကြောင်းသိရသည်။ 

 

သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး