တိုကျို   ၁၁  ဖေဖော်ဝါရီ

ဂျပန်အပျော်စီးသင်္ဘောပေါ်၌ လိုက်ပါလာသည့် ခရီးသည်များ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှုကြောင့် သင်္ဘောအား သီးသန့်ခွဲခြားကာ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ခရီးသည် အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

သင်္ဘောပေါ်ရှိ နောက်ထပ်ခရီးသည် ၆၀ တို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထပ်မံစစ်ဆေးသိရှိရပြီးနောက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် ယခုအခါ ၁၃၀ အထိ ရှိလာခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ လူနာများထဲတွင် တစ်ဦးမှာ အရေးပေါ်အခြေ အနေဖြစ်နေကြောင်း သိရသည်။

အပျော်စီးသင်္ဘောပေါ်တွင် ရှိနေကြသည့် ခရီးသည် ၂၇၀၀ ခန့်အနက် ထက်ဝက်ခန့်မှာ အသက် ၇၀ အရွယ် သို့မဟုတ် ၇၀ ကျော်အရွယ် များဖြစ်ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် ပတ်သက်၍ စိုးရိမ်ထိတ်လန့်လျက် ရှိသည်။

Diamond Princess အပျော်စီးသင်္ဘောသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်တွင် ယိုကိုဟားမားမှ ထွက်ခွာလာခဲ့ပြီး သင်္ဘောပေါ်တွင် နိုင်ငံနှင့် ဒေသပေါင်း ၅၆ ခုတို့မှ ခရီးသည်ပေါင်း ၂၆၆၆ ဦးနှင့် သဘောအမှုထမ်း ၁၀၄၅ ဦး လိုက်ပါလာခဲ့သည်။ သင်္ဘောစီးခရီးသည်များအနက် ထက်ဝက်ခန့်မှာ ဂျပန်နိုင်ငံသားများ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဟောင်ကောင်၌ ဆင်းသွားသည့် အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရှိခဲ့ရပြီးနောက်တွင် အဆိုပါသင်္ဘောကို သီးခြားထားရှိရန် ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့သည်။

အင်န်အိတ်ချ်ကေ