ဇန်နဝါရီ ၆
ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ရှီမာနဲစီရင်စုတွင် ယနေ့ ပြင်းအား ၆ ဒသမ ၄ ပမာဏရှိသော ငလျင်လှုပ်ခတ်ပြီးနောက် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါငလျင်သည် ရှီမာနဲစီရင်စုအရှေ့ပိုင်းတွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၈ မိနစ်က မြေအောက်အနက် ၁၀ ကီလိုမီတာခန့်တွင် လှုပ်ခတ်ခဲ့ပြီး ရှီမာနဲနှင့် တော့တိုရီစီရင်စုများရှိ အဆိုးရွားဆုံး ထိခိုက်ခံရသည့် ဒေသများတွင် ဂျပန်၏ ငလျင်တိုင်းတာမှု အဆင့် ၇ တွင် အဆင့် ၅ ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၃၅ ဒသမ ၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၃ ဒသမ ၂ ဒီဂရီတွင် တည်ရှိပြီး ပြင်းအား ၅ ဒသမ ၁ နှင့် ၅ ဒသမ ၄ ရှိသော နောက်ဆက်တွဲငလျင်နှစ်ခုသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၈ မိနစ်နှင့် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် တူညီသောဧရိယာတွင် အသီးသီးလှုပ်ခတ်ခဲ့သည်ဟု အေဂျင်စီ၏ပြောကြားချက်အရ သိရသည်။
ရှီမာနဲစီရင်စု၊ မတ်ဆုအီမြို့တွင် ငလျင်လှုပ်ခတ်စဉ်လဲကျသောလူလေးဦးနှင့် အခြားထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် မြို့တော်ရှိ နေအိမ်အတော်များများ၏ အမိုးများပျက်စီးသွားကြောင်း အင်န်အိတ်ချ်ကေရုပ်သံဌာနက ဖော်ပြထားသည်။
အိမ်နီးချင်း တော့တိုရီစီရင်စု Sakaiminato မြို့ရှိလမ်းများပေါ်တွင် အက်ကွဲကြောင်းများပေါ်လာကြောင်းနှင့် ငလျင်ဗဟိုချက်၏ တောင်ဘက်မှာရှိသော ဟီရိုရှီးမား စီရင်စု ဖူကူယာမာ မြို့တွင် ငလျင်ကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


