ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေး

နေပြည်တော် ၃၀ ဧပြီ 

 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန် ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 


လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်းက ရန်ကုန်မြို့ပြ လူဦးရေထူထပ်လာသည့်အတွက် လွန်ခဲ့သော  နှစ်ပေါင်းသုံးဆယ်ကျော်က အကောင်အထည်ဖော်ခဲ့သည့် ဒဂုံ ၄ မြို့ နယ်၊ ရွှေပြည်သာနှင့် လှိုင်သာယာ စသည့်မြို့သစ်များကို  လယ်ကွက်များအပေါ် အိမ်ကွက်ရိုက်ပြီး မြို့သစ်တည်ထားပေးခဲ့ကြောင်း၊ ယနေ့အချိန်အထိ မြို့ပြအင်္ဂါရပ်နှင့်အညီ တိုးတက်မှု မရှိသေးပါကြောင်း၊ မိုးတွင်းအခါ ရေကြီးရေလျှံမှုဖြစ်ပြီး မိုးများလျှင် စာသင်ကျောင်း ခန်းထဲအထိ ရေများဝင်ရောက်သဖြင့် ကျောင်းပိတ်ထားရ သည့်အခြေအနေထိဖြစ်နေပါကြောင်း။ 

 


ရန်ကုန်မြို့ပြ ဖွံ့ဖြိုးစေရန်အတွက် မြို့နယ်များအားလုံး ဖွံ့ဖြိုးရန်လိုအပ်ပါကြောင်း၊ မြို့သစ်များဖွံ့ဖြိုးရေးအတွက် ရန်ကုန်တိုင်းအစိုးရဘတ်ဂျက်ဖြင့် လုံလောက်မှုမရှိလျှင် ယခုကဲ့သို့ နိုင်ငံတကာချေးငွေများနှင့် မြို့သစ်များဖွံ့ဖြိုးရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် လှိုင်မြစ်၊ ပန်းလှိုင်မြစ်၊ ငမိုးရိပ်ချောင်းဘေးများတွင် တည်ဆောက်ခဲ့သည့် မြို့သစ်များ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထိန်းတံခါးများ၊ ရေထုတ်ပြွန်များ အုတ်စီရေမြောင်းများ တံတားများ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြာင်း ဆွေးနွေးသည်။

 


မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းက ပြည်ပကြွေးမြီဖြင့် တည်ဆောက်ကြမည့် စီမံကိန်းများကို တာဝန်ယူအကောင်အထည်ဖော်မည့်  အဖွဲ့အစည်းများ၊ ဌာနများအနေဖြင့်  ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက် သဘောထားမှတ်ချက်များကို လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံဆောင်ရွက်ကြမည့် သူများအနေဖြင့် သန်း ၅၀ ကျော် ပြည်သူ့တို့၏ ဘဝကို စာနာနားလည်ခြင်းများစွာဖြင့် ခေတ်သစ်၊ စနစ်သစ်၊ စိတ်သစ်များနှင့် စေတနာရှေ့ထားဆောင်ရွက်ကြမှသာ စီမံကိန်း လုပ်ငန်းများအောင် မြင်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။

 


ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲ ဆန္ဒနယ်မှ ဦးမြစိန်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ တောင်ဥက္ကလာ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၊ ခရမ်း မဲဆန္ဒနယ်မှ ဒေါက်တာအေးမင်း၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်းနှင့် ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်တို့က ဆွေးနွေးကြသည်။

 


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

 


အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုနှင့်တိုင်း၊ ပြည်နယ်ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို စိစစ်ရာတွင် လာမည့် ဘဏ္ဍာရေးနှစ်မူလခန့်မှန်း ခြေငွေစာရင်း(BE)တွင် ဆောင်ရွက်နိုင်သည်များကို (BE)မှသာ တောင်းခံရန်နှင့် ယခုနှစ် အတွင်းသုံးစွဲရန်ကာလသည်လည်း ဤဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်သည့်အတွက် ၄ လခန့်သာကျန်ရှိသဖြင့် အမှန်တကယ်သုံးနိုင်မည့်ကိစ္စများ၊ ဆောင်ရွက်ဆဲစီမံကိန်းများနှင့် မဖြစ်မနေလိုအပ်လာသည့် ကိစ္စများကိုသာ ဦးစားပေးတောင်းခံပါရန် ကြိုတင်အကြောင်းကြားခဲ့ပြီး အဆိုပါအချက်များကိုအခြေခံ၍ စိစစ်ခဲ့ပါကြောင်း။

 


ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများအနက် နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် ထပ်မံလိုအပ်လာသည့်အသုံးစရိတ်များ၊ ပင်စင်လစာနှုန်းတိုးမြှင့်၍ ထပ်မံလိုအပ်လာသည့် စရိတ်များ၊ မဖြစ်မနေပေးချေရမည့်စရိတ်များ၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေစသည့် နိုင်ငံတော်ကရရှိမည့် အသုံးစရိတ်များကို ဦးစားပေး၍ခွင့်ပြုခဲ့ပါကြောင်း၊ ပြည်ပအကူအညီရငွေများနှင့် ချေးငွေများထပ်မံရရှိလာခြင်းကြောင့် လိုအပ်လာသည့် အသုံးစရိတ်၊ အမှန်တကယ်ထပ်မံလိုအပ်သည့် လစာစရိတ်၊ ဒေသစရိတ်၊ ပြည်တွင်းအတိုးပေးငွေ၊ ပြည်ပချေးငွေအတွက်အတိုးနှင့် အရင်းပေးဆပ်ငွေများကိုလည်း စိစစ်၍ ခွင့်ပြုခဲ့ပါကြောင်း။

 


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့က ချေးယူနိုင်သည့် ငွေကျပ်သန်းပေါင်း ၇၂ သိန်းဖြစ်ပါကြောင်း၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်းတွင် ပြည်ပချေးငွေကျပ် ၁၇၁ ဒသမ ၁၀၁ ဘီလီယံ ထပ်မံတိုးလာသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတွင် ကျပ်သန်းပေါင်း ၅ သိန်း ထပ်မံလျာထားပါကြောင်း။

 


သို့ဖြစ်၍ ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တင်ပြထားသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြု ငွေစာရင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်ပြီး အတည်ပြုပေးပါရန် ရှင်းလင်းတင်ပြသည်။

 


နိုင်ငံတော်သမ္မတထံမှ ပေးပို့သော လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ယူရို ၃၅ ဒသမ ၇ သန်းချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြကြသည်။

 


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါချေးငွေကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ယင်းနောက် နိ်ုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်းနိုင်ငံ Neighbouring Countries Development Cooperarion Agency (NEDA) ထံမှချေးငွေထိုင်း ဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်းချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ရှင်းလင်းတင်ပြကြသည်။

 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အဆိုပါ စီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက်ကောင်းမွန်လာစေရန်၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ လျှပ်စစ်ဓာတ်အားကို ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ဖြန့်ဖြူး ပေးနိုင်ရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ကျစေရန်တို့အတွက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
    

 

စီမံကိန်းကို ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ချေးငွေဆိုင်ရာ အချက်အလက်များအနေဖြင့် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ (၁၀) နှစ်၊ ပြန်ဆပ်ကာလအနှစ် (၂၀) ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုစရိတ်အနေဖြင့် ချေးငွေ၏ ဝ ဒသမ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး အကြံပေးလုပ်ငန်းများကို ထိုင်းနိုင်ငံကုမ္ပဏီများက ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ချေးငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအတွက် သုံးစွဲရမည်ဖြစ်ပြီး အခွန်အခများကို ချေးငွေဖြင့်သုံးစွဲခြင်းမပြုရန် စည်းကမ်းချက်ပါရှိပါကြောင်း။
    

 

စီမံကိန်းကိုအဆင့် (၂)ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် မြောက်ဥက္ကလာပမြို့နယ်တွင် ၆၆ကေဗွီ GIS ဓာတ်အားခွဲရုံ(၃) ရုံတည်ဆောက်ခြင်းနှင့် ၎င်းဓာတ်အားခွဲရုံများသို့ သွယ်တန်းမည့် ၆၆ ကေဗွီဓာတ်အားလိုင်း (၅) လိုင်း တည်ဆောက်ခြင်းတို့အတွက် ထိုင်းဘတ် ၁၁၉၀ ဒသမ ၄၉၄ သန်းဖြင့်လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၁၁ ကေဗွီဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် ၁၁/ဝ ဒသမ ၄ ကေဗွီထရန်စဖော်မာများ တပ်ဆင်ခြင်းလုပ်ငန်းတို့အတွက် ထိုင်းဘတ် ၂၆၇ ဒသမ ၇၅၄ သန်းဖြင့်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 


စီမံကိန်းဆောင်ရွက်သည့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်များရှိ အိမ်ထောင်စုပေါင်း ၁၂၇၃၅၆ စုတို့အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ NEDA ချေးငွေရယူ၍ စီမံကိန်းလုပ်ငန်းများကို ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 


စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့တွင်း ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက်ကောင်းမွန်စေခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ခြင်း၊ ယခင် ၃၃ ကေဗွီဗို့အားမှ ၆၆ ကေဗွီဗို့အား အဆင့်သို့မြှင့်တင်ခြင်း၊ ၆၆ ကေဗွီဓာတ်အားစနစ် တည်ဆောက်ခြင်းတို့ကြောင့် လက်ရှိလျှပ်စစ်ဓာတ်အား သုံးစွဲလျက်ရှိသော အိမ်ထောင်စုများအတွက် ဗို့အားပြည့်ဝသော လျှပ်စစ်ဓာတ်အားပေးနိုင်ခြင်း၊ မီးသုံးစွဲသူအသစ်များအတွက် ဓာတ်အားတိုးမြှင့်ပေးနိုင်ခြင်း၊ ၆၆ ကေဗွီ Ring Circuit တည်ဆောက်မည်ဖြစ်သဖြင့် ဓာတ်အားလိုင်းအပြစ်ဖြစ်ပါက အစားထိုးဓာတ်အားပေးနိုင်ခြင်း၊ ဓာတ်အားပြတ်တောက်မှုကြာချိန်ကို လျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သဖြင့် ထိုင်းနိုင်ငံ Neighbouring Countries Development Cooperation Agency (NEDA) ထံမှချေးငွေ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်းရယူ၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုတိုးတက်ကောင်းမွန်စေရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုပါရန် ရှင်းတင်းတင်ပြသည်။

 


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက NEDA အဖွဲ့အစည်းသည် ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံအဖွဲ့ အစည်းတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရန်ဖွဲ့စည်းထား သည့်အစိုးရအဖွဲ့ အစည်းတစ်ခုဖြစ်ပါကြောင်း၊ NEDA ၏ ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များသည် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ ၂၀ နှစ် စုစုပေါင်းချေးငွေ သက်တမ်း ၃၀ နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှု စရိတ်အဖြစ် ချေးငွေပမာဏ၏ ဝ ဒသမ ၁၅ ရာခိုင်နှုန်းကို တစ်ကြိမ်တည်းပေးချေရမည် ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေ၏ Grant Element တွက်ချက်ရာတွင် ၄၆ ရာခိုင်နှုန်း ရရှိသည့်အတွက် သက်သာမှုရှိသောချေးငွေ (Concessional Loan) အမျိုးအစားတွင် ပါဝင်ပါကြောင်း။

 


စီမံကိန်းကို ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၃) နှစ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လျာထားကြောင်း။

 


ချေးငွေအပြည့်အဝထုတ်ယူသုံးစွဲပါက အကြမ်းအားဖြင့် ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် အတိုးထိုင်းဘတ် ၂၁ ဒသမ ၈၇ သန်းခန့်နှင့် ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင် အရင်းအတိုးပေါင်း ထိုင်းဘတ် ၉၄ ဒသမ ၅၁သန်းခန့်တို့ကို နှစ်စဉ်ပြန်လည်ပေးဆပ်သွားရမှာ ဖြစ်ပါကြောင်း၊ အချိန်စေ့ရောက်သည့် နှစ်အလိုက်အတိုး၊ အရင်းပြန်လည်ပေးဆပ်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ တိုးတက်ရရှိလာမည့် ဓါတ်အားခဝင်ငွေများကို သက်ဆိုင်ရာဌာန ဘတ်ဂျက်သို့ နှစ်အလိုက် ပေးသွင်းပြီး ချေးငွေပေးဆပ်ရန်အတွက် နှစ်အလိုက် လျာထားသုံးစွဲရန်ဖြစ်ပါကြောင်း။
    

 

ဤချေးငွေစီမံကိန်းသည် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၈ ခုနှစ်၊ “ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ”၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒတို့နှင့် ကိုက်ညီမှုရှိသည့်အပြင် မကြာသေးမီက ထုတ်ပြန်ထားသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာ ၅ ဒသမ ၄ နှင့်လည်း ကိုက်ညီမှုရှိပါကြောင်း။
    

 

သို့ပါ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်စေရေးစီမံကိန်း ဆောင်ရွက်ရန်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအတွက် ထိုင်းနိုင်ငံ၊ Neighbouring Countries Economic Development Cooperation Agency (NEDA) ထံမှ ချေးငွေထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်းရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးပါရန် ရှင်းလင်းတင်ပြသည်။
    

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မေ ၆ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

 


(သတင်းစဉ်)