တိုကျို၊ ဇူလိုင် ၈

ဇူလိုင် ၈ ရက်တွင် ဂျပန်နိုင်ငံအနောက်ပိုင်းနှင့် အရှေ့ပိုင်း၌ အန္တရာယ်ဖြစ်ပေါ်နိုင်လောက်သည်အထိ အပူချိန်မြင့်တက်ခဲ့ပြီး တချို့ဒေသများတွင် အပူချိန်သည် ၄၀ ဒီဂရီ ဆဲလ်စီး ယပ်အထိ မြင့်တက်ခဲ့သည်။ ဇူလိုင် ၈ ရက်တွင် အဓိကအားဖြင့် ဂျပန်နိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ လေဖိအားမြင့်မားလျက်ရှိပြီး ယင်းက အပူချိန် မြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံအနောက်ပိုင်း ဝါကာယာမခရိုင် ရှင်ဂုမြို့၌ နေ့အပူချိန်သည် ၃၉ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိနေချိန်တွင် တိုကျိုရှိ ဖူချူမြို့တွင် ၃၉ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိခဲ့သည်။  မိုးလေဝသဌာန၏ မှတ်တမ်းများအရ နှစ်အလိုက် မှတ်တမ်းတင်ထားခဲ့သော အပူချိန်များအနက် ယခုနှစ်အပူချိန်သည် အမြင့်ဆုံး အပူချိန်များဖြစ်ကြောင်း သိရသည်။

အန္တရာယ်ဖြစ်စေနိုင်လောက်သည်အထိ မြင့်မားသောအပူချိန်များဖြစ်သည့် အပူချိန် ၃၈ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်နှင့် ၃၈ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်သည် ဂျပန်နိုင်ငံ အလယ်ပိုင်း မီခရိုင် ကူဝါနာမြို့နှင့် တိုကျိုအနီး ဆိုင်တာမမြို့တို့တွင် ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင်ဂျပန်နိုင်ငံအလယ်ပိုင်း ဇီဆူအိုကာ မြို့တွင် ၃၇ ဒသမ ၄၊ ကျိုတိုမြို့တွင် ၃၆ ဒသမ ၇နှင့် ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အိုအီတာမြို့တွင် ၃၆ ဒသမ ၆နှင့် တိုကျို အလယ်ပိုင်းတွင် ၃၆ ဒီဂရီဆဲလ်စီးယပ်အထိ အသီးသီးရှိကြသည်။

ညတွင်းချင်းအပူချိန်သည် နောက်နေ့ နံနက်ပိုင်းအထိ ၂၅ ဒီဂရီဆဲလ်စီးယပ်အထိ ကျော်လွန်ရောက်ရှိနိုင်သည်။  မြင့်မားသော အပူချိန်သည် ဇူလိုင် ၉ ရက် တွင် နောက်တစ်ဖန်မြင့်တက်လာနိုင်သေးသောကြောင့် အပူချိန်ကို သတိထားကြရန် ပြည်သူများကို မိုးလေဝသဌာနက အကြံပေးထားသည်။

ထို့အပြင် စိုစွတ်မှုလည်းရှိနေသောကြောင့် မိုးလေဝသဌာနနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနက ကန်တိုဒေသမှ အိုကီနာဝါ ဒေသအထိ ခရိုင် ၁၁ ခုတွင် အပူလျှပ်ခြင်း ဖြစ်ပေါ်နိုင်သည်ကိုပါ သတိပေးချက် ထုတ်ပြန်ထားသည်။ အများစုသည် အပူလျှပ်ခြင်းကို နေ့စဉ်ခံစားရနိုင်ပြီး ၎င်းတို့အနက် အချို့မှာ သေဆုံးခဲ့ကြသည်။

ပြည်သူများကို မလိုအပ်ဘဲ အပြင်ထွက်ခြင်းမပြုရန်နှင့် လေအေးပေးစက်အသုံးပြုကြရန်၊ ရေများများ သောက်ရန်နှင့် ဆားအနည်းငယ်စားကြရန် အကြံပေးထားသည်။ မိသားစုဝင်များအနေဖြင့် သက်ကြီးမိဘ ဘိုးဘွားများနှင့် ကလေးများကို ဂရုစိုက်စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

အင်န်အိတ်ချ်ကေ