ဂျပန်နိုင်ငံ နိုတိုကျွန်းဆွယ် ငလျင်ဘေးကယ်ဆယ်ရေးစခန်းများတွင် လူ ၁၀၀၀၀ ကျော် ကျန်ရှိနေ

တိုကျို၊ ဖေဖော်ဝါရီ  ၂၇

ဂျပန်နိုင်ငံအလယ်ပိုင်း နိုတိုကျွန်းဆွယ်တွင် ၂၀၂၄ နှစ်သစ်ကူးနေ့က ငလျင်လှုပ်ခတ်ပြီးနောက် ရှစ်ပတ်အကြာအထိ ကယ်ဆယ်ရေး စခန်းများ၌ ခိုလှုံနေရသူ ၁၀၀၀၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်ကအထိ အီရှီဂါဝါ စီရင်စု၌ ငလျင်ကြောင့် ပျက်စီးသွားသော အိမ်ခြေ ၇၅၆၆၁ လုံးအထိ တိုးလာခဲ့သည်။ ငလျင်ဒဏ်သင့်ဒေသ၌ အပျက်အစီးများကို ဖယ်ရှားရန်၊ ရေပြန်လည်ရရှိရေး နှင့်ယာယီအိမ်ရာများ  တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အဓိကအားဖြင့် နိုတိုဒေသရှိ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းပေါင်း ၂၁၈၈၀ ခန့် ရေရရှိခြင်း မရှိသေးပေ။ ငလျင်ကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရသူများအတွက် အထောက်အပံ့များ မည်သို့ ဆက်လက်ပံ့ပိုးပေးရမည်ဆိုသည့် အချက်မှာလည်း အဓိကစိန်ခေါ်မှု အဖြစ်ရှိနေသေးသည်။

အီရှီဂါဝါ စီရင်စုတွင်ဘေးလွတ်ရာခိုလှုံနေသူများသည် အခြားနေရာများရှိ စားသောက်ဆိုင်များနှင့် အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုအပေါ်မှီခိုနေရသည်။ သို့သော် လာမည့်လအတွက် ကယ်ဆယ်ရေးစခန်း၌ အကူအညီ ကမ်းလှမ်းမှုများ နည်းပါးလာမှုကြောင့် ငလျင်ဒဏ်သင့် ပြည်သူများသည် ပိုမိုကြီးမားသော ဝန်ထုပ်ဝန်ပိုးများကို မိမိတို့ဘာသာ ထမ်းရွက်ကြရတော့မည် ဖြစ်သည်။ ဝါဂျီမာမြို့၌ ကယ်ဆယ်ရေးလုပ်ငန်း  ကြီးကြပ်သည့် အရာရှိအရေအတွက် လျော့နည်းလာခြင်းကြောင့် လာမည့်သောကြာနေ့မှစ၍ အရေအတွက် အကန့်အသတ်ဖြင့်သာ ထောက်ပံ့ကူညီမှုများ ပေးအပ်နိုင်တော့မည် ဖြစ်သည်။

အင်န်အိတ်ချ်ကေ