ဂျပန်နိုင်ငံအနောက်ပိုင်း၌ ကုန်တင်သင်္ဘောတစ်စင်းတိမ်းမှောက်သဖြင့် နှစ်ဦးပျောက်ဆုံးနေ

ဩဂုတ် ၂၅

ဂျပန်နိုင်ငံအနောက်ပိုင်း ဝါကာယာမာခရိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ယမန်နေ့ညနှောင်းပိုင်းက ကုန်တင်သင်္ဘော တစ်စင်းသည် အခြားကုန်တင်သင်္ဘောနှင့်တိုက်မိပြီးနောက် တိမ်းမှောက်သွားကာ သင်္ဘောသားနှစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ပြောကြားသည်။

လိုက်ဘေးရီးယားနိုင်ငံအလံတပ်ဆင်ထားသောကုန်တင်သင်္ဘောသည် ည ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်က အရေးပေါ် ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ကြောင်းနှင့် ၎င်းသင်္ဘောသည် ဂျပန်ကုန်တင်သင်္ဘောတစ်စင်း အီဇူမီမာရူနှင့် ထိုခရိုင်ကမ်းလွန် ပင်လယ်ပြင်တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုနယူးစ်ဌာနက ဖော်ပြထားသည်။

အဆိုပါဂျပန်ကုန်တင်သင်္ဘောတိမ်းမှောက်ခဲ့ရာ ယင်းသင်္ဘောပေါ်ပါသင်္ဘောသားငါးဦးအနက် သုံးဦးအားကယ်ဆယ်နိုင်ခဲ့ပြီး အခြားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသောသင်္ဘောသားနှစ်ဦးအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။

လိုက်ဘေးရီးယားကုန်တင်သင်္ဘောပေါ်မှထိခိုက်ဒဏ်ရာရရှိသူများကိုမူဖော်ပြထားခြင်းမရှိချေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို