တိုကျို ၃၁ မတ်

COVID -19 ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ဂျပန်နိုင်ငံက ဝင်ခွင့်ငြင်းမည့်နိုင်ငံများစာရင်းတွင် အမေရိကန်၊ တရုတ်နှင့် တောင်ကိုရီးယား အပါအဝင် အချို့ဥရောပနိုင်ငံများနှင့် အရှေ့တောင်အာရှ နိုင်ငံများကိုလည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ခရီးသွားလာခွင့် သတိပေးအဆင့်အဖြစ် အမေရိကန် ဒေသအားလုံးကို အဆင့် ၃ အဖြစ် တိုးမြှင့်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတွင်းသို့ ဝင်ရောက်မည့် ခရီးစဉ်များ အားလုံးကိုလည်း ဖျက်သိမ်းရန် အကြံပြု ပြောကြားထားကြောင်း သိရသည်။

အလားတူ အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်က နေထိုင်ခဲ့ဖူးသူများကိုလည်း တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် COVID-19 ဖြစ်စဉ်များ မြင့်တက်လာပြီးနောက် ယခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာ ခြင်းဖြစ်သည်။

အလားတူ ဆောင်ရွက်ချက်မျိုးကိုလည်း တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား၊ ဗြိတိန်အပါအဝင် ဥရောပ နိုင်ငံအတော်များများ၊ ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများပေါ်တွင်လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အထူးအကြောင်းပြချက်မရှိပါက ဝင်ထွက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းအပါအဝင် နိုင်ငံပေါင်း သုံးပုံတစ်ပုံခန့်ကို ယခုလို ဝင်ခွင့်ငြင်းဆန်ထားကြောင်းလည်းသိရသည်။ အခြားနိုင်ငံများကို အဆင့် ၂ အဖြစ် သတ်မှတ်ပြဋ္ဌာန်း လိုက်ကြောင်း သိရသည်။

ထို့အတူ ဂျပန်နိုင်ငံသားများကိုလည်း ၎င်းတို့နှင့် ထိတွေ့မှုမပြုလုပ်ရန် လမ်းညွှန်မှာကြားထားကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ