ဂျပန်နိုင်ငံက ဗီယက်နမ်နိုင်ငံနှင့် ဂျီဘူတီနိုင်ငံတို့ကို ကာကွယ်ရေးပစ္စည်းများထောက်ပံ့ရန် စီစဉ်နေ

တိုကျို       နိုဝင်ဘာ    ၁၃

ဂျပန်နိုင်ငံအစိုးရက     လုံခြုံရေးအထောက်အပံ့    မူဘောင်သစ်အရ ဗီယက်နမ်နိုင်ငံနှင့်    ဂျီဘူတီနိုင်ငံ တို့ကို ကာကွယ်ရေးပစ္စည်းများ    ထောက်ပံ့ရန်  စီစဉ်လျက်ရှိကြောင်း  ယနေ့အင်န်အိတ်ချ်ကေ သတင်း တစ်ရပ်အရ သိရသည်။

ဗီယက်နမ်နိုင်ငံနှင့်   ဂျီဘူတီနိုင်ငံတို့သည် လာမည့်နှစ်ဧပြီလတွင် စတင်မည့်   ဘဏ္ဍာနှစ်အတွင်း   တရားဝင် လုံခြုံရေးအထောက်အပံ့ရရှိရန် အဆိုပြုထားသော နိုင်ငံများဖြစ်ကြောင်း  ဂျပန်နိုင်ငံအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ တရားဝင်လုံခြုံရေး အထောက်အပံ့မူဘောင်သည်  လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ   လေးလေးနက်နက် လုပ်ဆောင်နိုင်မည့်      နည်းလမ်းတစ်ရပ်အဖြစ်     ဂျပန်နိုင်ငံနှင့်  သဘောထား တူညီသည့် နိုင်ငံများအား ကာကွယ်ရေးပစ္စည်းများထောက်ပံ့ရန်  အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါမူဘောင်အောက်တွင် ဂျပန် နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ စောင့်ကြည့်ရေး ရေဒါစနစ်များ ထောက်ပံ့ မည်ဖြစ်ကြောင်း၊   ၎င်းကိစ္စကို ဂျပန်နှင့်  ဖိလစ်ပိုင်တို့သည် ယခုလအစောပိုင်းတွင်    ကျင်းပသည့် နှစ်နိုင်ငံ   ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် အထောက် အပံ့ပေးမည့်      ကာကွယ်ရေးပစ္စည်း  အမျိုးအစားများနှင့် စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံ၊  ဂျီဘူတီနိုင်ငံတို့နှင့် သီးခြားညှိနှိုင်း ဆွေးနွေးရန်   စီစဉ်ထားကြောင်း  ဂျပန် နိုင်ငံအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်