ဂျပန်နိုင်ငံ၌ အပူလျှပ်လူနာ သီတင်းသုံးပတ်ဆက် ၇၀၀၀ကျော်ရှိလာ

တိုကျို၊ ဩဂုတ် ၂၉

ဂျပန်နိုင်ငံအတွင်း ပြင်းထန် သော အပူလှိုင်းကျရောက်မှု ဆက်လက် ဖြစ်ပေါ်နေသည့် အတွက် ပြီးခဲ့သည့် သီတင်းပတ် အပူလျှပ်မှုကြောင့် နိုင်ငံ တစ်ဝန်း ဆေးရုံပို့ဆောင်ရသူ အရေအတွက်မှာ ၇၄၀၀ ကျော် ရှိကြောင်း သိရသည်။

ဩဂုတ် ၂၁ ရက်မှ ၂၇ ရက် အကြား အပူလျှပ်မှုကြောင့် ဆေးရုံသို့ ပို့ဆောင်ရသူ အရေ အတွက်မှာ ၇၄၂၄ ဦး ရှိကြောင်း မီးသတ်နှင့် ဘေးအန္တရာယ် စီမံ ခန့်ခွဲရေး အေဂျင်စီက ပြောသည်။ အဆိုပါ အရေအတွက် သည် သီတင်းသုံးပတ် ဆက် တိုက် ၇၀၀၀ ကျော်လွန်ခဲ့ ကြောင်းနှင့် ၎င်းမှာ ယမန်နှစ်ကအလားတူ ကာလနှင့် နှိုင်းယှဉ် ပါက၂ဒသမ ၅ ဆ ပိုများနေကြောင်း သိရသည်။

အပူလျှပ်မှုကြောင့် ခုနစ်ဦး သေဆုံးပြီး ၂၃၈၆ ဦးမှာ ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။ အပူ လျှပ်မှု ဖြစ်ပွားသော စီရင်စုများအနက် ဟော့ကိုင်းဒိုးစီရင်စုမှာလူနာ ၉၃၅ ဦးရှိသဖြင့် အများဆုံးဖြစ်သည်။

အဆိုပါ စီရင်စု၌ ယမန်နှစ် အလားတူကာလတွင်အပူလျှပ်လူနာ ၃၆ ဦးသာ ရှိကြောင်း သိရသည်။ အပူလျှပ် လူနာအရေအတွက် မှာ ဩဂုတ်လနှောင်းပိုင်းတွင် ပုံမှန်အားဖြင့် ကျဆင်းလေ့ ရှိသော်လည်း ယခုနှစ်တွင် ဆက်လက်မြင့်တက်နေကြောင်း အေဂျင်စီ တာဝန်ရှိသူများကပြောသည်။

စက်တင်ဘာလတွင် လည်း ဂျပန်နိုင်ငံ ဒေသအနှံ့ အပြား၌ အပူချိန် ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက ခန့်မှန်းထားသည်။

အင်န်အိတ်ချ်ကေ