ဖေဖော်ဝါရီ ၆

ဂျပန်နိုင်ငံအရှေ့ပိုင်းတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့် လူအများအပြား ချော်လဲပြုတ်ကျခဲ့ပြီးနောက် ယနေ့မနက်ပိုင်းအထိ ထိခိုက်ဒဏ်ရာရသူ ၁၀၉ ဦးကို တိုကျိုရှိဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

အဆိုပါထိခိုက်ဒဏ်ရာရသူများသည် အသက် လေးနှစ်နှင့် ၉၂ နှစ်ကြားအရွယ်များဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း တိုကျိုမီးသတ်ဌာန၏ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြထားသည်။ ဂျပန်မိုးလေဝသအေဂျင်စီက တိုကျိုမြို့၏မြို့နယ် ၂၃ ခုနှင့် တာမာဒေသတို့တွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှုဆိုင်ရာသတိပေးချက်များကိုရုပ်သိမ်းခဲ့သော်လည်း အချို့ဒေသများတွင် မနက်ပိုင်းအထိ ဆီးနှင်းများကျဆင်းမှုနှင့် မိုးရွာသွန်းမှုများဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ရာသီဉတုဆိုင်ရာတာဝန်ရှိသူများက ဆီးနှင်းထူထပ်မှုအမြင့်မားဆုံးဖြစ်သဖြင့် လမ်းမများပေါ်တွင် ဆီးနှင်းနှင့်ရေခဲများ ဖုံးလွှမ်းမှုကြောင့် ယာဉ်အသွားအလာများ သတိရှိကြရန် တိုက်တွန်းပြောကြားထားသည်။ All Nippon Airways နှင့် Japan Airlines တို့က မြို့တော်တိုကျို၏ဟာနဲဒါလေဆိပ်အဝင်အထွက်ခရီးစဉ်ပေါင်း ၃၁ ခုကို ဖျက်သိမ်းခဲ့သည်ဟု သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို