ဝါရှင်တန် ၁၈ ဖေဖော်ဝါရီ

တရုတ်နည်းပညာ လုပ်ငန်းစုကြီးဖြစ်သည့် ဟွာဝေးကုမ္ပဏီနှင့် ပတ်သက်ဆက်ဆံနေသည့် နိုင်ငံများနှင့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ မျှဝေမှုကို ဖြတ်တောက်မည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ခဲ့ကြောင်း ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီများအနက်တစ်ခု အပါအဝင်ဖြစ်သည့် ဟွာဝေးကုမ္ပဏီကို လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု အဖြစ်ဖော်ပြကာ နောက်ထပ်ဖိုက်ဂျီ မိုဘိုင်းကွန်ရက်မျိုးဆက်များ ဆောင်ရွက်ခြင်းမပြုနိုင်အောင် ပိတ်ပင်ရန် အခြားမဟာမိတ်များကို တိုက်တွန်းလျက်ရှိသည်။

မယုံကြည်ထိုက်သည့် ဖိုက်ဂျီကွန်ရက် ရောင်းချသူတစ်ဦးထံမှ သုံးစွဲရန် ဆုံးဖြတ်ခြင်းဖြင့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များကို အမြင့်ဆုံးအဆင့်အထိ မျှဝေနိုင်သည့် ကျွန်ုပ်တို့၏ စွမ်းရည်ကို ဖျက်ဆီးပစ်ရာ ရောက်နိုင်သည့်အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ရန် သမ္မတထရမ့်က ညွှန်ကြားခဲ့ကြောင်း ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရစ်ချတ်ဂရီနယ်လ်က ပြောကြားခဲ့သည်။ ။

သမ္မတထရမ့်သည် ဖေဖော်ဝါရီ ၁၇ ရက်က သမ္မတစီးနင်းသည့် အဲဖို့စ်ဝမ်း လေယာဉ်ပေါ်မှနေ၍ အဆိုပါ သတင်းစကားကို ပို့ဆောင်အကြောင်းကြားရန် ၎င်းကိုခေါ်ခဲ့ကြောင်း ဂရီနယ်လ်က တွစ်တာပေါ်၌ ရေးသားဖော်ပြခဲ့သည်။

ဥရောပရှိ အမေရိကန်၏ အဓိက မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့က ဟွာဝေးကုမ္ပဏီ၏ ဖိုက်ဂျီကွန်ရက် ထူထောင်မှုကို မပိတ်ပင်နိုင်ကြောင်း၊ သို့ရာတွင် ၎င်းတို့အနေဖြင့် ဟွာဝေးအပေါ်တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ရန်ရှိကြောင်း ပြောကြားခဲ့သည်။

အေအက်ဖ်ပီ