ဂျေရုဆလင်၊ အောက်တိုဘာ ၈
ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့သည် အစ္စရေးနိုင်ငံကမ်းရိုးတန်းရှိ ဟိုင်ဖာပင်လယ်အော်ဒေသအား ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယနေ့ ဆင်ဟွာ သတင်းအရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အသက် ၇၀ နှစ်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဒုံးကျည်များသည် ဟိုင်ဖာပင်လယ်အော်ဒေသအနီး ကီရတ်ယန်မြို့ရှိ လူနေ အိမ်ခြေများကို ထိမှန်ခဲ့သည်။
ယင်းတိုက်ခိုက်မှုများသည် ဂါဇာဒေသရှိဒေသခံများနှင့် တစ်သားတည်းရှိကြောင်းပြသခြင်းဖြစ်ပြီး အစ္စရေး တပ်မတော်၏ လက်ဘနွန်အား တိုက်ခိုက်နေခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က ပြောကြားသည်။ အစ္စရေးတပ်မတော်ကလည်း အောက်တိုဘာ ၈ ရက်တွင် အစ္စရေး-လက်ဘနွန်နယ်စပ်သို့ တင့်ကားတပ်ဖွဲ့များစေလွှတ်ပြီး ဟစ်ဇ်ဘိုလာစစ်သွေးကြွများ၏ ပစ်မှတ်များကိုတိုက်ခိုက်ခဲ့သည်။ ထို့ပြင် လက်ဘနွန် နိုင်ငံတောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာစစ်သွေးကြွများ၏ စစ်ဆင်ရေးဌာနချုပ်ကိုလည်း တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။
လက်ဘနွန်နိုင်ငံ နယ်စပ်အနီးရှိ မြို့လေးမြို့အား စစ်မက်ဇုန်များအဖြစ် အစ္စရေးတပ်မတော်ကကြေညာခဲ့ပြီး မြေပြင်စစ်ဆင်ရေးများ တိုးမြှင့်ဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လက်ဘနွန်နယ်စပ်အနီးရှိ ရော့ချ် ဟာနီကယာ၊ ရှလွန်မီ၊ ဟာနိတာနှင့် အာရပ်အယ်လ် အေရန်ရှီ မြို့တို့သို့ ဝင်ထွက် သွားလာခွင့်ကို အောက်တိုဘာ ၇ ရက် ဒေသစံတော်ချိန် ၂၂ နာရီ မှ စတင်၍ ပိတ်ပင်လိုက်ကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။ ကမ်းရိုးတန်းဒေသများတွင် စစ်ဆင်ရေးများ ဆောင်ရွက်မည် ဖြစ်သဖြင့် အရပ်သားများရွှေ့ပြောင်းကြရန် အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ အေဗာချိုင်အေဒရီက ညွှန်ကြားခဲ့ပြီးနောက် အဆိုပါမြို့များအား ဝင်ထွက်ခွင့်ပိတ်ပင်ကာ စစ်မက်ဇုန်များအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။ အစ္စရေးတပ်မတော်သည် စက်တင်ဘာ ၂၃ ရက်မှ စတင်၍ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့အား တိုက်ခိုက်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


