ဟစ်ဇ်ဘိုလာနှင့် အစ္စရေးစစ်တပ်တို့ တိုက်ခိုက်မှုဖြစ်ပွား

 

 

ဘေရွတ်၊ နိုဝင်ဘာ ၁၄

 

ဟစ်ဇ်ဘိုလာနှင့် အစ္စရေးစစ်တပ်တို့ကြား နိုဝင်ဘာ ၁၃ ရက်က ထိပ်တိုက်ရင်ဆိုင်မှုများအတွင်း လက်ဘနွန်နိုင်ငံသား လေးဦးသေဆုံးခဲ့ကြောင်း လက်ဘနွန်စစ်တပ် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ လက်ဘနွန်နိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့ ၁၈ မြို့၊ အရှေ့တောင်ဘက်ရှိ  မြို့ ၁၀ မြို့နှင့် လက်ဘနွန်တောင်ပိုင်းရှိ မြို့ ၂၈ မြို့ကို အစ္စရေးက အမြောက်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန်စစ်ဘက်သတင်းရင်းမြစ်များက ထပ်လောင်း ပြောကြားသည်။ အစ္စရေးမောင်းသူမဲ့လေယာဉ်များနှင့် စစ်လေယာဉ်များသည် လက်ဘနွန်နိုင်ငံ မြို့ ၁၅ မြို့၏ ဆင်ခြေဖုံးများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု ၁၈ ကြိမ်အပါအဝင် ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟစ်ဇ်ဘိုလာအဖွဲ့က ပရာနစ်မြို့ စစ်တန်းလျားများအနီးရှိ အစ္စရေးခြေလျင်တပ်ဖွဲ့ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဟစ်ဇ်ဘိုလာအဖွဲ့သည် Ruwaisat al-Alam မြို့နှင့် al-Marj မြို့ရှိ အစ္စရေးတပ်ဖွဲ့၏ တည်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ လက်ဘနွန်-အစ္စရေးနယ်စပ်တွင် ဟစ်ဇ်ဘိုလာအဖွဲ့မှ အစ္စရေးဘက်သို့ ဒုံးကျည်ဒါဇင်ပေါင်းများစွာကို အောက်တိုဘာ ၈ ရက်က ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့ကလည်း တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ