mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်ဖြစ်တဲ့ No Time To Die ရုပ်ရှင် အမေရိကန်နဲ့ ဥရောပတို့မှာ ရုံတင်ပြသမယ့်ရက် ကို ရွှေ့ဆိုင်းထားရတဲ့နောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဟာ နယ်စည်းမခြားဘူးဆိုတာ ပိုပြီးတော့ သိသာထင်ရှားလာပါတယ်။

 

အလူးအလဲခံနေရ

 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထိုးနှက်မှုဒဏ်ကိုခံရတာ ဂျိမ်းစ် တွန်းရုပ်ရှင်တစ်ခုပဲ မဟုတ်ပါဘူး။ ဒစ္စနေးရဲ့ နာမည်ကျော် မူလန်ရုပ်ရှင်ကားကိုလည်း ရပ်နားထားရပါတယ်။ နာမည်ကျော်ထုတ်လုပ်ရေးတွေ ရပ်နားထားရသလို ရုပ်ရှင်ပွဲတွေကိုလည်း ဖျက်သိမ်းထားရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ စိန်ခေါ်မှုတွေကို ဟောလိဝုဒ်မှာ အလူးအလဲ ခံနေရပါတယ်။ ရုပ်ရှင်တွေအများကြီး တစ်ချိန်တည်းမှာ ထိခိုက်စေခဲ့တဲ့ဖြစ်ရပ်မျိုး တစ်ခါမှ မတွေ့ဖူးဘူးလို့ ပြပွဲဆိုင်ရာ ကျွမ်းကျင်သူ အကြီးတန်းသုတေသီတစ်ဦး ဖြစ်တဲ့ ဂျက်ဖ်ဘာ့ခ်က အေအက်ဖ်ပီသို့ အခုသီတင်းပတ် အတွင်းမှာပဲ ပြောကြားခဲ့ပါတယ်။

 

အောက်ခြေအလွှာထိ နစ်နာ

 

သာမန်အားဖြင့်ကြည့်မယ်ဆိုရင် ရုပ်ရှင်ဇာတ်ကား ရုံတင်ရက်တွေ ရွှေ့ဆိုင်းတာ၊ ရပ်နားထားရတာကြောင့် ရုပ်ရှင်ကားတွေကိုပဲ ထိခိုက်စေတယ်လို့ ယူဆရပေမယ့် လက်တွေ့မှာတော့ ရုပ်ရှင်လုပ်ငန်းထိပ်ပိုင်းအလွှာကနေ အောက်ဆုံးအလွှာထိအောင် ထိခိုက်နစ်နာရပါတယ်။ အာရှတစ်လွှား ရုပ်ရှင်ရုံတွေ ပိတ်ထားရတာကြောင့် ဆုံးရှုံးနစ်နာမှုငွေကြေးခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ၂ဘီလီယံခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ အခုအချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှု အောက် ရောက်နေပေမယ့်လည်း အမေရိကန်ရုပ်ရှင်ရုံ တွေမှာ လာရောက်ကြည့်ရှုသူတွေကတော့ ပုံမှန်ပါပဲ။ ယခုလအတွင်း မြောက်အမေရိကမှာ မူလန်ဇာတ်ကား ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့်လက်ရှိအခြေအနေမှာ ဆိုင်းငံ့ထား ရပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်နဲ့ ကယ်လီ ဖိုးနီးယားတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု တွေရှိနေပြီး ဝါရှင်တန်မှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံး မှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

ရုပ်ရှင်ပွဲတော်ဖျက်သိမ်းဖို့ တောင်းဆို

 

ရုပ်ရှင် အဓိကဈေးကွက်ဖြစ်တဲ့ XSW ရုပ်ရှင်နဲ့ ဂီတပွဲတော်ကနေ အဓိက ရုပ်ရှင်ဇာတ်ကားဝယ်ယူသူ တွေဖြစ်တဲ့ Netflix ၊ Amazonနဲ့ Apple တို့ဟာလည်း နောက်ဆုတ်ကုန်ပါတယ်။ SXSW ရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်းဖို့ အွန်လိုင်းကနေ လက်မှတ်ထိုးအသန်ခံစာ တင်တဲ့လူပေါင်းကတော့ ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီလို မျိုးတောင်းဆိုမှုတွေရှိနေပေမယ့် ပွဲစီစဉ်သူတွေကတော့ ပွဲကိုဆက်လက်ကျင်းပသွားမယ်လို့ပြောခဲ့ပါတယ်။

 

ဝယ်သူနည်းပါး

 

ဒါပေမယ့်လည်း နာမည်ကျော် ဝင်းနားဘရားသား လိုကုမ္ပဏီကြီးတွေကတော့ ပါဝင်ဖို့ တွန့်ဆုတ်လာကြပါ တယ်။ ရုပ်ရှင်ရိုက်ကူးသူတွေဟာလည်း သူ့တို့ရဲ့ ဇာတ်ကားတွေကို ဝယ်သူပေါ်လာဖို့သိပ်ပြီးမမျှော်လင့်ကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ ပွဲကိုတက်ရောက်လာ မယ့်အထဲမှာ ဝယ်သူနည်းပါးလိမ့်မယ်လို့ သူတို့ခန့်မှန်း ထားကြပြီးသားပါ။ SXSW ပွဲတော်ဖြစ်မြောက်ဖို့တောင် သိပ်ပြီးမသေချာဘူးလို့ Freak Power ဇာတ်ကား ဒါရိုက်တာဖြစ်သူ နီမက်က ပြောပါတယ်။ မတ်လ ၆ ရက်နေ့မှာတော့ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ  ကျင်းပမယ့် SxSW ရုပ်ရှင်နဲ့ဂီတပွဲတော်ကို ရပ်နားထား တယ်လို့ ကြေညာခဲ့ပါတယ်။ လပ်ဗီးဂတ်စ်မှာပြုလုပ်မယ့် Cinemacon နဲ့ ကန်းရုပ်ရှင်ပွဲတွေ ဖြစ်လာဖို့တောင်  စစ်ဆေးဆဲကာလပဲ ရှိပါသေးတယ်။

 

အခြေအနေစောင့်ကြည့်

 

CinemaCon ရုပ်ရှင်ပွဲတော်ကိုတော့ မတ်လ ၃၀ ရက်ကနေ ဧပြီ ၂ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။  အဲဒီပွဲတော်ဟာ ကမ္ဘာအရပ်ရပ်က ရုပ်ရှင်ရုံပိုင်ရှင်တွေ စုဝေးကြတဲ့ပွဲလည်းဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေကတော့ သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေကိုစောင့်ကြည့်  နေတယ်၊ “ရုပ်ရှင်ပွဲတော်ကို စီစဉ်ထားတဲ့အတိုင်း လုပ်ဖြစ် မဖြစ်ကိုလည်း အသိပေးသွားမယ်လို့ ပြောပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးတို့နဲ့ ဆက်သွယ်ပြီး ရှေ့ ဆက်  ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာကို စဉ်းစားနေတယ်လို့ ရုပ်ရှင်ရုံပိုင်ရှင်များအသင်းက ပြောပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ နိုင်ငံကနေလာပြီး ပွဲကိုတက်ရမယ့်  လူပေါင်းကတော့ ၂၄ ယောက်နီးပါးရှိပါတယ်။ အဲဒီလူတွေ ကတော့ ဒီပွဲကိုလာရောက်နိုင်မှာ မဟုတ်ပါဘူး။ အခု အချိန်ထိတော့ လပ်ဗီးဂတ်စ်မှာ ရောဂါကူးစက်ခံရတဲ့သူ မတွေ့ရသေးပါဘူး။

 

ပြင်သစ်က ကန်းရုပ်ရှင်ပွဲတော်

 

ပြင်သစ်နိုင်ငံမှာကျင်းပမယ့် ကန်းရုပ်ရှင်ပွဲတော် ကိုတော့ မေလ ၁၂ ရက်ကနေ ၂၃ ရက်နေ့အထိ ကျင်းပ ဖို့စီစဉ်ထားတာပါ။ ပြင်သစ်နိုင်ငံမှာတော့ လူပေါင်း ၂၁၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာ ကိုတွေ့ရ ပါတယ်။ လူလေးဦးကတော့ သေဆုံးသွားခဲ့ပါပြီး၊ မတ်လ ၅ ရက်နေ့မှာတော့ ပြင်သစ်ကျန်းမာရေးဝန်ကြီးက လူ ၅၀၀၀ ထက်ကျော်ပြီးစုဝေးတာကို တားမြစ်ခဲ့ပါတယ်။

 

တွမ်ခရုရဲ့ ဇာတ်ကားလည်းရပ်နား

 

ဟောလိဝုဒ် နာမည်ကျော်မင်းသား တွမ်ခရုရဲ့ Mission Impossible ရုပ်ရှင်ကို အီတလီမှာ သုံးပတ်ကြာ ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိအီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုးရွားစွာကူးစက်ခံနေရတာမို့ လွန်ခဲ့တဲ့ လကပ် ရိုက်ကူးရေးကို ရပ်နားထားရပါတယ်။ ရုပ်ရှင် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေ ရောဂါ ကူးစက်ခံရခြင်းမရှိစေဖို့ ပါရာမောင့် ရုပ်ရှင်ကုမ္ပဏီက လည်း သတိကြီးကြီး ထားဆောင်ရွက်နေပါတယ်။ ဒိန်းဂျွန်ဆင်ရဲ့ Red Notice ဇာတ်ကားရိုက်ရာမှာလည်း Netflix ဟာ ရိုက်ကွင်းကောင်းကောင်းရှာနေပါတယ်။ အဲဒီဇာတ်ကားကို အီတလီမှာရိုက်ကူးဖို့ အစောပိုင်းက စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဟောလိဝုဒ်ကိုထိခိုက်လာ

 

ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကြောင့် ဖျက်သိမ်းရမလိုဖြစ်နေတဲ့ရုပ်ရှင်ပွဲတော် တွေထဲမှာ နယူးယောက်မြို့မှာ ကျင်းပမယ့် Tribeca ရုပ်ရှင်ပွဲတော်လည်း အပါအဝင်ပါပဲ။ ဟောလိဝုဒ်ရဲ့ စီးပွားရေးလုပ်ငန်းကိုက လူစုလူဝေးနဲ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းပါ။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးတွေ၊ ပွဲလုပ် တာတွေကို ရှောင်ရတဲ့အခါမှာတော့ ဟောလိဝုဒ်လုပ်ငန်းကို ထိခိုက် လာစေပါတယ်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါက လူသုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရတဲ့အခါမှာတော့ အယ်ထရာဂီတပွဲတော်ကို ဖျက်သိမ်းလိုက်ရပါတယ်။ သုံးရက်ကြာကျင်းပရတဲ့ အဲဒီပွဲတော်မှာ မီးရောင်စုံတွေ၊ အကတွေနဲ့ နိုင်ငံပေါင်း ၁ဝဝကျော်က လူပေါင်း ၅၅၀၀၀ ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ လူတွေမှာလည်း အချို့ လူတွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကို ကြောက်ကြ ပေမယ့် အချို့ကျပြန်တော့လည်း ပွဲလမ်းသဘင်တွေကို နှစ်သက်ကြပြန် ပါတယ်။

 

ခြိမ်းခြောက်မှုအောက်ရောက်နေ

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူဘယ်လောက်များများ သူတို့ရဲ့ အစီအစဉ်တွေကို ရွှေ့ဆိုင်းပစ်ချင်ကြသလဲဆို တာကတော့ သေချာမသိရပါဘူး။ အခြေအနေတွေ ဒီထက်ပိုပြီးဆိုးရွားလာရင်တော့ ရုပ်ရှင်၊ ဂီတပွဲတော် တွေကို ဖျက်သိမ်းပစ်ရမှာပါ။ သူတို့ရဲ့ဒေသမှာကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူ တွေ့ပြီဆိုရင် ယေဘုယျအား ဖြင့် လူဦးရေသုံးပုံနှစ်ပုံကတော့ ရုပ်ရှင်ရုံတွေ၊ ဂီတပွဲတွေ ကဇာတ်ရုံတွေကို သွားလိုစိတ် နည်းသွားတယ်လို့ အရွယ် ရောက်ပြီးသား လူပေါင်း ၂၂၀၀ ကို စစ်တမ်းကောက်ယူ ကြည့်တဲ့အခါမှာ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာရတဲ့ လုပ်ငန်းတွေထဲမှာ ရုပ်ရှင်လုပ်ငန်း လည်း အပါအဝင်ပါပဲ။ ရုပ်ရှင်ပွဲတော်တွေ ကျင်းပဖြစ်ဖို့ မသေချာသလို ဟောလိဝုဒ်ဟာ လက်ရှိအခြေအနေမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုအောက်ရောက်နေတာ ကတော့ အမှန်ပါပဲ။

 

ကိုးကား - အေအက်ဖ်ပီဗန်နတီဖဲ