ခတ္တမန္ဒူ၊ ၁၉ ဇန်နဝါရီ
နီပေါနိုင်ငံ၏ အန်နာပါနာဒေသတွင် တောင်ပြိုကျမှု တစ်ခုဖြစ်ပွားခဲ့ရာ တောင်တက်သမား ခုနစ်ဦးထက် မနည်း ပျောက်ဆုံးခဲ့ကြောင်း၊ ပျောက်ဆုံးသူများတွင်တောင်ကိုရီးယားနိုင်ငံသား လေးဦးနှင့် နီပေါနိုင်ငံသား သုံးဦးတို့ဖြစ်ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၈ ရက်က ပြောကြားလိုက်သည်။
အဆိုပါဖြစ်ရပ်သည် အန်နာပါနာတောင်ခြေစခန်းအနီး အမြင့်ပေ ၃၂၃၀ မီတာ (၁၀၅၉၇ ပေ)ခန့်တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ အန်နာပါနာတောင်သည် ဟိမဝန္တာတောင် စဉ်တောင်တန်းများအနက် အမြင့်ဆုံးတောင်ထွတ် တစ်ခု ဖြစ်ကြောင်း သိရသည်။ ဆီးနှင်းများပြိုကျပြီးနောက် ယခုလို စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် တောင်ကိုရီးယား နိုင်ငံသားလေးဦးနှင့်အတူ နီပေါနိုင်ငံသားသုံးဦးတို့ကို ဆက်သွယ်၍မရတော့ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း နီပေါခရီးသွားလာရေးဌာနမှ တာဝန် ရှိသူတစ်ဦးဖြစ်သည့် မီရာဒါကယ်က အေအက်ဖ်ပီသို့ ပြောကြားလိုက်သည်။
ဆိုးရွားသောရာသီဥတုက ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်ယှက်သလို ဖြစ်နေကြောင်း ပြည်နယ်ရဲမင်းကြီး ဒန်ဘဟာဒါကာကီက ပြောကြားလိုက်သည်။ ကယ်ဆယ်ရေးအဖွဲ့မှာ အခင်းဖြစ်ပွားရာနေရာသို့ သွားသည့် လမ်းကြောင်းပေါ်တွင် ရှိကြောင်း၊ ရာသီဥတုကောင်းသည်နှင့် တစ်ပြိုင်နက်တည်း အဆိုပါနေရာသို့ သွားရောက်ရန် ရဟတ်ယာဉ်များကိုလည်း အဆင်သင့် လုပ်ထားကြောင်း ကာကီက ဆက်လက်ပြောကြားသည်။
အန်နာပါနာတောင်သည် တောင်ပြိုကျမှုတွင် နာမည်ကြီးသည့်တောင်တစ်ခုဖြစ်ပြီး တက်ရမလွယ်ကူသည့် တောင်ဖြစ်သည့်အပြင် ကမ္ဘာ့အမြင့်ဆုံးတောင်တစ်ကောင် ဖြစ်သည့် ဧဝရက်တောင်ထက် တောင်တက်သမား သေဆုံး မှုနှုန်း ပိုမိုများပြားသည့် တောင်တစ်တောင်ဖြစ်သည်။
လှပသည့်ရှုခင်းများနှင့် နာမည်ကျော်ကြားသည့် အတွက် တောင်တက်သမားထောင်ပေါင်းများစွာသည် အန်နာပါနာဒေသသို့ နှစ်စဉ်လာရောက်လေ့ရှိကြောင်း သတင်းရရှိသည်။
အေအက်ဖ်ပီ


