၉ ဇန်နဝါရီ

 

ဘရာဇီးနိုင်ငံပိုင် ရေနံကုမ္ပဏီဖြစ်တဲ့ ပက်ထရိုဘရာ့ရေနံကုမ္ပဏီနဲ့ ဆော်ဒီအစိုးရပိုင် ရေနံတင်သင်္ဘောတွေကို ဟိုးမားဇ်ရေလက်ကြားအား ဖြတ်သန်းခြင်းမပြုရန် မနေ့စပြီး တားမြစ်လိုက်ပါတယ်။

 

ဘရာဇီးရေနံကုမ္ပဏီရဲ့ ဆုံးဖြတ်တာဟာ ဘရာဇီးရေတပ်ရဲ့ အန္တရာယ်ရှိ၊ မရှိ လေ့လာဆုံးဖြတ်ချက်အပေါ် လိုက်နာခြင်းသာဖြစ်တယ်။ အခုလိုသွားလာရေး တာမြစ်ခဲ့ပေမယ့် ဘရာဇီးနိုင်ငံကို တင်သွင်းတဲ့ ရေနံတွေ ပြတ်လပ်မှုမရှိအောင် လုပ်ဆောင်မယ်လို့သိရပါတယ်။

 

ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းတင်ပို့တဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံကလည်း ဟိုမားဇ်ရေလက်ကြားကို အသုံးမပြုရန် ယာယီတားမြစ်လိုက်ပါတယ်။

 

ကမ္ဘာကို တင်ပို့နေတဲ့ ရေနံငါးပုံတစ်ပုံဟာ ဟိုးမားဇ်ရေလက်ကြားကို နေ့စဉ် ဖြတ်သန်းနေပါတယ်။ မနေ့က အီရန်ရဲ့ တိုက်ခိုက်မှုအပြီးမှာ ရေနံဈေးဟာ ၅ ရာခိုင်နှုန်းကျော် တက်သွားရာ တစ်စည်လျှင် ၇၁.၇၅ ဒေါ်လာဖြစ်သွားပေမယ့် အမေရိကန် က ချက်ခြင်းလက်တုံ့မပြန်ခဲ့တဲ့အတွက် ဈေးအနည်းအငယ်ပြန်ကျသွားရာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၆၉ ဖြစ်ခဲ့ပါတယ်။

 

တချို့ရေနံတင် သင်္ဘောကုမ္ပဏီတွေကတော့ သင်္ဘောသွားလာချိန်ကို အလင်းရောင်ရှိချိန်သာ သွားလာရန် အချိန့်ကန့်သတ်တာမျိုး ရှိကြောင်းသိရပါတယ်။

 

ဟိုမားဇ်ရေလက်ကြား

 

ဟိုမားဇ်ရေလက်ကြားဟာ အီရန်နိုင်ငံ မြောက်ပိုင်းနဲ့ အိုမန်တောင်ပိုင်းနဲ့ ယူအေအီးနိုင်ငံကြား တနည်းအားဖြင့် ပင်လယ်ကွေ့နဲ့ အာရေဘီယံပင်လယ်တို့ကို ဆက်နွယ်ထားပါတယ်။ ဟိုမားဇ်ရေလက်ကြားဟာ ၉၆ မိုင် ရှည်လျားပြီး အကျဉ်းဆုံးအပိုင်းမှာ ၂၁ မိုင်သာ ကျယ်ပြန့်တဲ့အတွက် နှစ်လမ်းသွား လမ်းကြောင်းမှာ သင်္ဘောသွားရန် နှစ်မိုင်ဆီသာ ရှိနေတာကို တွေ့ရပါတယ်။ ရေလက်ကြားဟာ အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် ကမ္ဘာ့မှာ ရေနံတင်သင်္ဘောသွားလာရေးတွင် အသုံးပြုမှု အများဆုံး လမ်းကြောင်းဖြစ်ပါတယ်။

 

ရေနံတင်ပို့ရာ ပင်လယ်ကွေ့ဒေသဖြစ်တဲ့ ဆော်ဒီအာရေးဘီးယား၊ အီရတ်၊ ယူရေအီးနဲ့ ကူဝိတ် နိုင်ငံတွေဟာ ဟိုမားဇ်ရေလက်ကြားကို အဓိကအသုံးပြုပြီး ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို တင်ပို့ကြသလို အီရန်နိုင်ငံကလည်း ဟိုမားဇ်ရေလက်ကြားကို အသုံးပြုပြီး သူ့နိုင်ငံထုတ် ရေနံကို တင်ပို့ရောင်းချပါတယ်။

 

အလားတူ ကမ္ဘာ့မှာ ပမာဏအများဆုံး liquefied natural gas (LNG) ထုတ်လုပ်ရာ ကာတာနိုင်ငံကလည်း သူရဲ့ ဓါတ်ငွေ့ရည်ကို ဟိုမားဇ်ရေလက်ကြားအသုံးပြီး ကမ္ဘာကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။

 

MDN

ကိုးကား -AFP