ဟိုပင်မြို့ ကားဝပ်ရှော့အလုပ်ရုံတွင် ကားပြင်နေစဉ် သတင်းအရရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဟိုပင်  ၁၀  ဒီဇင်ဘာ 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ကားဝပ်ရှော့ အလုပ်ရုံတွင် ကားပြင်နေစဉ် သတင်းအရရှာဖွေရာမှ မူးယစ်ဆေးဝါး ဘိန်းဖြူဆပ်ပြာခွက်(၁၁)နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၂၀ဝ) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ဟိုပင်ရဲစခန်းနယ်မြေမှ သိရသည်။

 

ဒီဇင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက  ဟိုပင်နယ်မြေရဲစခန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများသည် သတင်းအရ ဟိုပင်မြို့မြသီတာရပ်ကွက် ထီလာကားဝပ်ရှော့တွင် နောက်တံခါးပြင်ဆင်နေသည့် GG/------Probox အဖြူရောင်ယာဉ်ပိုင်ရှင် ဝေယံစိုးနှင့် ကားပေါ်ပါလာသည့် မနှင်းဖြူတို့အား စစ်ဆေးရန်ဝင်ရောက်စဉ် ဝေယံစိုးမှ လမ်းမပေါ်သို့ ထွက်ပြေးရာ လိုက်လံဖမ်းဆီးရမိပြီး ၎င်းတို့အားယာဉ်နှင့်အတူ ရဲစခန်းသို့ခေါ်ယူ၍ စစ်ဆေးရာ 88/1 စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျှင် (၂၀ဝ)ပြားပါ (၂)ထုပ် (၄၀ဝ)ပြား စုစုပေါင်း အလေးချိန်(၄၀)ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါး ဘိန်ဖြူဟုယူဆရသော ဖြူ/ဝါကြား အမှုန့်တစ်ခွက်လျှင် အလေးချိန်(၁၁)ဂရမ်ခန့်ပါ (၁၁)ခွက် စုစုပေါင်း အလေးချိန်(၁၂၁) ဂရမ်ခန့် တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 

ဆက်လက်ပြီး မနှင်းဖြူထံမှ SAMSUNG ဖုန်းတစ်လုံးတို့ကို တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ အဆိုပါနေ့နံနက် ၁၁ နာရီအချိန်က မြေနုကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် မြေနုကျေးရွာနေ မကဲပို(ခ)ကေသွယ်စိုးမှ လာရောက်ပို့ဆောင်ပေး၍ အဝတ်အစားများနှင့် ရောနှောကာ ယာဉ်နှင့်အတူ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မကဲပို(ခ)ကေသွယ်စိုးအား လိုက်လံစုံစမ်းရှာဖွေရာ ၎င်းညနေ ၃ နာရီခွဲအချိန်တွင် ဟိုပင်မြို့မတောင်ရပ်ကွက်မှ တွေ့ရှိရသဖြင့် ဟိုပင်နယ်မြေရဲစခန်းတွင် ခေါ်ယူစစ်ဆေးရာ ၎င်းမူးယစ်ဆေးဝါးများကို မြေနုကျေးရွာနေ စိုးမိုးနိုင်ဆိုသူက ငွေကျပ် (၅၀ဝ၀ဝ) ပေးပြီး ဝေယံစိုးနှင့် မနှင်းဖြူတို့ ထံပို့ဆောင်ပေးရကြောင်း သိရသည်။ ဒုရဲအုပ်ဆုဝေအဖွဲ့နှင့် သက်သေများသည် မြို့နယ်ရဲတပ်မှူး၏ မူးယစ်ဆေးဝါး ဖမ်းဆီးခွင့်ဝရမ်းဖြင့် မြနုကျေးရွာနေ စိုးမိုးနိုင်၏နေအိမ်အား ထပ်မံ ဝင်ရောက်ရှာဖွေရာ စိုးမိုးနိုင်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သိရသည် ။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ သယ်ဆောင်ကြသူများဖြစ်သော ဝေယံစိုး၊ နှင်းဖြူ နှင့် မကဲပို(ခ)ကေသွယ်စိုး နှင့် ထွက်ပြေးတိမ်းရှောင်သူ စိုးမိုးနိုင်တို့ လေးဦးအား ဟိုပင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီတိုး