ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ''နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့် ကမ္ဘာအဆင့်'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၁၉ စက်တင်ဘာ

ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ''နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့် ကမ္ဘာအဆင့်''ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒေါ်ခင်သန်းဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့် ခရီးသွားòန်ကြားမှုဦးစီးဌာန)၊ ဒေါ်မေမြတ်မွန်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း)၊ ဦးခင်ဇော် (အကြံပေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်)၊ ဦးသက်လွင်တိုး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း)နှင့် ဦးအောင်မျိုးမင်းဒင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း) တို့က ပါဝင်ဆွေးနွေးကြသည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ယမန်နေ့မှ အဆက်

ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ ခရီးစဉ်ဒေသသစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လုပ်ဆောင်ရတဲ့ ကော်မတီတစ်ခုဖြစ်ပါတယ်။ ဇုန်နယ်မြေအကုန်လုံးမှာ ဟိုတယ်တွေရှိတယ်။ သူတို့တွေ အကုန်လုံးကလည်း သူတို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့ကို လိုလားကြတဲ့အတွက် မြန်မာနိုင်ငံမှာ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများ ကြီး အထောက်အကူရပါတယ်။ နောက်တစ်ခုက လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီပါ။ မြန်မာနိုင်ငံကို ခရီးသွားတွေလာတဲ့အခါ ဒီမှာပျော်ရွှင်သွားဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က ဟိုတယ်ဝန်ထမ်းတွေကို နိုင်ငံ တကာ အဆင့်မီအောင် Training တွေ အများကြီးလုပ်ပေးရပါတယ်။ အဲဒီအတွက် လည်း ကျွန်တော်တို့က အများကြီးကံကောင်းပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး တွေရဲ့ DNA က Service DNA ဖြစ်နေတယ်။ လူလူချင်းတွေ့ရင် ပြုံးပြဖို့၊ မင်္ဂလာပါလို့ နှုတ်ဆက်ဖို့ဆိုတာ မသင်ရဘဲနဲ့ကို ပါလာတဲ့ Service DNA ဖြစ်နေတယ်။ ကျွန်တော်တို့ Industry က ကံကောင်းပါတယ်။ နောက်တစ်ခုက ပျော်ရွှင်ချင်တယ်။ စိတ်ချမ်းမြေ့ချင်တယ်ဆိုပြီး လာတဲ့သူတွေကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးတွေ ဖန်တီးပေးတယ်။ ဒါကို local taste အနေနဲ့ လုပ်ကြတယ်။ ဒီချိန်မှာပေးတဲ့ service ကလည်း human ဖြစ်တယ်။ လာတဲ့ ဧည့်သည်ကလည်း human ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့အတွက် service ပေးတဲ့အခါ လွယ်ကူပါတယ်။ ဒီတော့ ခဏခဏလည်း ပြန်လာချင်တဲ့စိတ် ဖြစ်ပေါ်သွားစေတယ်။ ဒါမျိုးတွေ အများကြီးကြုံတွေ့ရပါတယ်။ စွဲမက်ဖွယ်ရာ ပြည်မြန်မာဆို တဲ့ brand အသစ်ကို လုပ်နေပါတယ်။ ကျွန်တော်တို့ ဟိုတယ်အပိုင်းမှာလည်း ဒီအတွက် ပြင်ဆင်နေပါတယ်။

စီအစဉ်မှူး။ ။ မြန်မာနိုင်ငံက ခရီးသွားတွေကို နှလုံးသားနဲ့ နှုတ်ဆက်ကြတယ်။ နှလုံးသားကလာတဲ့ အပြုံးတွေနဲ့ နှုတ်ဆက်ကြတယ်။ ဆက်လက်ပြီးတော့ ဝန်ကြီးအနေနဲ့ ခရီးသွားကဏ္ဍနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာအောင် ဆောင်ရွက်ပေးနေတာတွေကို ဆွေးနွေးပေးပါ။

ပြည်ထောင်စုဝန်ကြီး။ ။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာအောင် မူဝါဒတွေချမှတ်ဖို့ လိုပါ တယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ၁၉၉၃ ခုနှစ်ကတည်းက ချမှတ်ခဲ့တဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဥပဒေကို အခု ၁၅ နှစ်အကြာမှာ ဒီဥပဒေက Out of Date ဖြစ်နေတယ်။ အဲဒီအတွက် ဥပဒေအသစ်တစ်ရပ်ကို ပြင်ဆင်ရေးဆွဲ ထားပါတယ်။ ပြင်ဆင်ရေးဆွဲတဲ့နေရာမှာ ဆက်စပ်ဝန်ကြီးဌာနတွေ၊ မြန်မာခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နဲ့ ညီနောင်အသင်းတွေ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံနေတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့မှ သူတို့ရဲ့အကြံဉာဏ်ကို ရယူပြီးတော့ခေတ်စနစ် နဲ့ ကိုက်ညီတဲ့ ခရီးသွားလုပ်ငန်း ဥပဒေအသစ်ကို စပြီးပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကို ဖြတ်သန်းပြီး ပြည်ထောင်စုလွှတ်တော်မှာ မူကြမ်းအဖြစ် တင်ထားပါပြီ။ အဲဒီကနေ နိုင်ငံတော် သမ္မတဆီ တင်ပြီးတော့၊ နိုင်ငံတော်သမ္မတကနေ ပြည်ထောင်စု လွှတ်တော်ကို ပြန်ပို့ရင် ပြဋ္ဌာန်းတော့မှာပါ။ အဲဒီဥပဒေအသစ်မှာ ဘာပါလဲဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့်တွေ ပိုပြီးပေးရခြင်း အကြောင်းရင်းကလည်း ဒီခရီးသွားလုပ်ငန်း ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက သူတို့ဆီမှာ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့အပိုင်း၊ ရင်းနှီးမြှုပ်နှံစေချင်တဲ့ အပိုင်းတွေကို ဗဟိုအစိုးရထက် ပိုပြီးတော့ သိပါတယ်။ ပိုသိတဲ့အတွက် လုပ်ငန်းမှာ ထိရောက် အောင်မြင်အောင်၊ ရင်းနှီးမြှုပ်နှံသူတွေလည်း အဆင်ပြေအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့ ကော်မတီအရပ်ရပ်တွေ ဖွဲ့ထားပါတယ်။ ဒါကို ဒေါ်ခင်သန်းဝင်းက ဆက်ပြီး ရှင်းပြပါလိမ့်မယ်။

ဒေါ်ခင်သန်းဝင်း။ ။ ၁၉၉၃ ခုနှစ်မှာ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးတော့ လက်ရှိကျင့်သုံးနေပါတယ်။ ခုနက ပြည်ထောင်စုဝန်ကြီးပြောသလိုပဲ မကြာမီ ဥပဒေအသစ် (မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဥပဒေ) ထွက်ပေါ်လာပါ့မယ်။ လွှတ်တော်သုံးရပ်ကို ဖြတ်သန်းပြီးတော့ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီးရင် အသစ်ပြဋ္ဌာန်းမယ်။ ဥပဒေအသစ်မှာ ကော်မတီသုံးရပ်ကို ထည့်သွင်းထားပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ဖွဲ့ပါမယ်။ အဲဒီအဖွဲ့မှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌဖြစ်ပြီးတော့ အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူး ဖြစ်ပါတယ်။ နောက်ကော်မတီတစ်ရပ်က ခရီးသွား လုပ်ငန်းကော်မတီပါ။ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ ဖြစ်ပါတယ်။ နောက်ကော်မတီ တစ်ရပ်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဖြစ်ပါတယ်။ ဒေသမှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးတော့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တာဝန်ခံတွေက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကြပါတယ်။  ဒါကြောင့်မို့ ဥပဒေအသစ်ပြဋ္ဌာန်းပြီးရင် ဖြေလျှော့တာတွေရှိမယ်။ ဒေသကနေ လိုင်စင်နဲ့ ပတ်သက်တာတွေ၊ ဟိုတယ်ဆောက်တာ ဒါမျိုးတွေကို ဒေသဆိုင်ရာ ကော်မတီမှာသာ တင်ပြရမှာဖြစ်ပါတယ်။ သက်တမ်းအနေနဲ့ အခုလက်ရှိမှာ လိုင်စင်သက်တမ်းက နှစ်နှစ်ဖြစ်ပါတယ်။ ဖြေလျှော့လိုက်တဲ့အတွက် လိုင်စင်သက်တမ်းသည် သုံးနှစ်ဖြစ်သွားပါမယ်။ ဒေသကပိုပြီး လုပ်ပိုင်ခွင့်ရှိလာမယ်။ လုပ်ငန်းတွေလည်း ပိုပြီးလျင်မြန်လာမှာ ဖြစ်ပါတယ်။ ဥပဒေအသစ်က ပွင့်လင်းမြင်သာမှုရှိပြီးတော့ နိုင်ငံသားတွေအတွက် ပိုပြီးအကျိုးရှိစေမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကျန်ရှိတဲ့ အစိုးရသက်တမ်းမှာ ဘယ်လောက်အထိ တိုးတက်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ အခြေအနေနဲ့ ဒီအခြေအနေအပေါ်မှာ ဝန်ကြီးအနေနဲ့ အားရကျေနပ်မှု ရှိ၊ မရှိဆိုတာ ဆွေးနွေးပေးပါ။

ပြည်ထောင်စုဝန်ကြီး။ ။ ကျွန်တော်ကလည်း ဟိုတယ်လောက ကနေလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ သို့ပေမယ့် မြန်မာနိုင်ငံမှာ လုပ်ငန်းတွေလုပ်တဲ့အခါ ကျွန်တော်ကိုယ်တိုင်လည်း လုပ်ငန်းတွေ အမျိုးမျိုး လုပ်ခဲ့ဖူးပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့အချင်းချင်း ရောင်းကြဝယ်ကြမယ် ဆိုရင် အကြွေးကျတယ်။ တောင်းရင် မုန်းတယ်။ တောင်းလည်း မတောင်းရ၊ အကြွေးလည်း မကျတဲ့လုပ်ငန်းက ခရီးသွားလုပ်ငန်းပဲဖြစ်တယ်။ ဟိုတယ်လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ဆိုရင် ခရီးသွားလုပ်ငန်းကုမ္ပဏီတွေကို Contract ပေးလိုက် တယ်။ ဒီခရီးသွားလုပ်ငန်း ကုမ္ပဏီတွေကလည်း Booking တွေ တင်တယ်။ ကျွန်တော့်ဟိုတယ်ဆို ပိုက်ဆံအရင်ကြိုပေးမှ နေရာရတယ်။ အဲဒီတော့ အကြွေးမကျဘူး။ Service ကိုလည်း ပိုက်ဆံကြိုရတဲ့အတွက် ကြိုတင်ပြင်ဆင်ချိန်ရတယ်။ ပြင်ဆင်ချိန်ရတဲ့အတွက် Service လည်း ကောင်းကောင်း ပေးနိုင်တော့ လုပ်ငန်းအောင်မြင်တာပေါ့။ ထိုနည်းအတိုင်းပဲ ဟိုတယ်လုပ်ငန်းရှင်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေရော အတွေးသစ်၊ အမြင်သစ်တွေနဲ့ လုပ်ကြတဲ့အခါ သူ့ထက်ငါ ယှဉ်ပြိုင်ပြီး လုပ်လာကျတော့ အနာဂတ်ကို ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်တဲ့အနာဂတ်လို့ပဲ မြင်ပါတယ်။ အရှေ့တောင်အာရှမှာလည်း ကြည့်လိုက်ရင် အင်္ဂလိပ်စာလုံး S နဲ့ ပြောရင် လေးခု၊ ငါးခုလောက်ပဲ ရှိတယ်။ ကျွန်တော်တို့က ခြောက်ခုရှိတယ်။S ခြောက်ခုက Smile ၊ Sand ၊ Sun၊ Snow ၊ Sea ၊ Service အစုံရှိတယ်။ အရှေ့တောင်အာရှမှာ သူများထက် ကံကောင်းတာ နှင်းဖုံးတောင်တန်းတွေ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ လုပ်ငန်းတိုးချဲ့စရာ အများကြီးပါ။ လိုအပ်တာက awareness ပါ။ ပြည်သူတွေကလည်း ဒီလုပ်ငန်းကို သဘောပေါက်နားလည်ပြီး ရောင်းကြဝယ်ကြမယ်ဆိုရင်၊ အမှိုက်သရိုက်မပစ်ကြဘူးဆိုရင် လာလည်တဲ့ နိုင်ငံခြားသားက လာပြီးထပ်လာချင် ဖြစ်လာမှာ မုချပဲလို့ ပြောပါရစေ။

ရှင်မင်း

(ဆက်လက်ဖော်ပြပါမည်)