နေပြည်တော် ၁၀ ဧပြီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ www.tourism.gov.mm Website လွှင့်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မိမိတို့နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုအဆင်ပြေစွာ လည်ပတ် နိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖော်ထုတ်ခြင်း မပြုရသေးသည့် ခရီးစဉ်ဒေသ များစွာ ကျန်ရှိနေသေးပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွင် မြန်မာနိုင်ငံ သည် အခြားနိုင်ငံများထက် အလားအလာကောင်း များစွာရှိပါကြောင်း၊ အသုံးမပြုရ သေးသည့် သစ်တောသစ်ပင်များမှ နှင်းဖုံးလွှမ်းနေသည့် တောင်တန်းများအထိ လူသားတို့ ထိတွေ့အသုံးပြုရခြင်းမရှိသေးသည့် သဘာဝပတ်ဝန်းကျင်ကောင်း များစွာ ကျန်ရှိနေပါကြောင်း၊ ကမ္ဘာပေါ်တွင် ခရီးသွားဆိုင်ရာမှုခင်းဖြစ်ပွားမှု အနည်းဆုံး နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ပါကြောင်း။
Look East Policy ကို ချမှတ်ဖော်ဆောင်ခြင်းကြောင့် တရုတ်ခရီးသွားဧည့်သည် အရေအတွက် ၃၇ ရာခိုင်နှုန်းနှင့် ထိုင်းခရီးသွားဧည့်သည် အရေအတွက် ၉ ရာခိုင်နှုန်း အထိ ယခင်နှစ်ကထက် ပိုမိုတိုးတက်လာခဲ့သည်ကို တွေ့ရပါကြောင်း၊
ယခုအချိန်သည် မိမိတို့နိုင်ငံအနေဖြင့် Look West Policy ကို ခရီးသွားလုပ်ငန်း အတွက် ပြန်လည်သုံးသပ် ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါကြောင်း၊ Website မှတစ်ဆင့် ကြော်ငြာများ၊ လူမှုကွန်ယက်များ၊ သတင်းဆောင်းပါးများ၊ ရုပ်သံဓာတ်ပုံများ ထုတ်လွှင့် ဖော်ပြပြီး မြန်မာနိုင်ငံ၏ပုံရိပ်ကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်ခြင်းဖြင့် အနောက်ဥရောပမှ ခရီးသွားဧည့်သည် များ တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ အရေးအကြီးဆုံး ရည်မှန်းချက်မှာ မြန်မာ၏ ကောင်းမွန်သော ပုံရိပ်ကို ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်ဖြစ်ပါကြောင်း။
ကမ္ဘာ့ခရီးသွားပြပွဲများတွင် မိမိတို့နိုင်ငံအကြောင်းကို ပါဝင်ပြသရုံမကဘဲ နိုင်ငံ၏ အဓိက ခရီးစဉ်ဒေသများကို လေကြောင်းတိုက်ရိုက် ဆိုက်ရောက်ပျံသန်းနိုင်ရေး၊ ဗီဇာ ကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာများ ခွင့်ပြုပေးရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော် ထုတ်ပေးရေးနှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံကောင်းမွန်ရေးတို့ကို ဟန်ချက် ညီ ဆက်စပ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊
လုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ကြီးဌာန တစ်ခုနှင့်တစ်ခုအကြား ပူးပေါင်း ဆောင်ရွက်မှုသည် အင်မတန်အရေးကြီးပါ ကြောင်း၊ ဆက်စပ်သည့်ဝန်ကြီးဌာနများ၏ ကူညီပံ့ပိုးမှုပါဝင်မှသာ ရည်မှန်းချက်များကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်းက www.tourism.gov.mm Website အကြောင်းနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအတွင်းရှိ အထင် ကရနေရာများ၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ မြန်မာနိုင်ငံရှိ ယဉ် ကျေးမှု အမွေအနှစ်ဒေသများနှင့် ခရီးစဉ်ဒေသများကို ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က www.tourism.gov.mm Website ကို လွှင့်တင်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည် တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်းနှင့် ဦးမောင် မောင်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို ကမ္ဘာကသိရှိစေရန်၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အရေအတွက် ပိုမိုတိုးတက်လာရန်၊ မြန်မာနိုင်ငံ၏ ထူးခြားလှပသည့် ခရီးစဉ် ဒေသများ၊ ပွဲတော်များ၏အကြောင်းကို ပိုမိုသိရှိနိုင်ရန်၊ ဖုံးကွယ်တိမ်မြုပ်နေသည့် နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို သမားရိုးကျ ဈေးကွက်မြှင့်တင်ရေး နည်း လမ်းများအပြင် (၂၁)ရာစုခေတ်နှင့် လိုက်လျောညီထွေစွာ Online အသုံးပြုဈေးကွက် မြှင့်တင် နိုင်ရန် www.tourism.gov.mm Website ထူထောင်ခြင်း ဖြစ်ကြောင်းသိလာရသည်။
ယခုလွှင့်တင်သည့် Website သည် ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံကို ကမ္ဘာ့ခရီးစဉ်ဒေသတစ်ခုအဖြစ် ကမ္ဘာက ပိုမိုသိရှိလာစေရန် Digital Marketing Strategy တစ်ခုအဖြစ် အသုံးပြုပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ခရီးစဉ်ဒေသများနှင့်ပတ်သက်သည့် ဗွီဒီယိုဖိုင်များ၊ သတင်းဓာတ်ပုံများ၊ တွေ့ဆုံ မေးမြန်းခန်းများ စသည့် သတင်းမီဒီယာပုံစံ အကြောင်းအရာ အမျိုးမျိုးကို ထည့်သွင်း ဖော်ပြပေးမည်ဖြစ်ကြောင်း၊ ပြည်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် Tourism ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ပြည့်စုံမှန်ကန်သည့် သတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ အချိန်နှင့်တစ်ပြေးညီ လိုအပ်သည့် သတင်းအချက် အလက်များဖြစ်သည့် လေယာဉ်ခရီးစဉ်များ၊ ကုန်ကျစရိတ်များ၊ ဗီဇာကိစ္စများသည် ခရီးစဉ်ရေးဆွဲရာတွင် အရေးကြီးသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းပြီး www.tourism.gov.mm Website တွင် ထည့်သွင်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


