ဟနွိုင်း  ဇန်နဝါရီ  ၁၁

ဟွန်ဒါမော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည်  ပိုမိုတင်းကျပ်သော ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ  စတင်ကျင့်သုံးခြင်းမပြုမီ  လျှပ်စစ်မော်တော်ဆိုင်ကယ်အသစ်ကို ဗီယက်နမ်နိုင်ငံတွင်  ထုတ်ဖော်ပြသလိုက်ပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျပန်မော်တော်ယာဉ်  ထုတ်လုပ်ရေးကုမ္ပဏီသည် ဗီယက်နမ် မော်တော်ဆိုင်ကယ်ဈေးကွက်တွင် ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။  အဆိုပါ  လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ်အသစ်ကို   ဇန်နဝါရီ   ၁၀   ရက်က ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် ခမ်းနားစွာပွဲထုတ်ခဲ့ ခြင်းဖြစ်သည်။

ဗီယက်နမ်အစိုးရသည် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ဇူလိုင်လမှ စတင်ကာ ဟနွိုင်းမြို့လယ်တွင် ဓာတ်ဆီအသုံးပြု   ဆိုင်ကယ်များကို    ပိတ်ပင်တော့မည်ဖြစ်သောကြောင့် ဟွန်ဒါမော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက လျှပ်စစ်ဆိုင်ကယ်ကို စတင်အသုံးပြုသွားရန်   ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   ထို့အပြင်   အဆိုပါလျှပ်စစ်မော်တော်ဆိုင်ကယ်သည် တစ်နာရီလျှင် အမြင့်ဆုံးအမြန်ဆုံး ၈၀ ကီလိုမီတာဖြင့်   မောင်းနှင်နိုင်ပြီး  တစ်ကြိမ်အားအပြည့် သွင်းရုံဖြင့် ကီလိုမီတာ ၁၂၀ အထိ မောင်းနှင်နိုင်သည်ဟု ဆိုသည်။  လာမည့်ဇွန်လတွင် စတင် ရောင်းချသွားရန်   စီစဉ်ထားကြောင်း  သိရသည်။

ဟွန်ဒါကုမ္ပဏီသည် ဈေးနှုန်းသက်သာမှုရှိသော ပြည်တွင်းကုမ္ပဏီထုတ် မော်ဒယ်များနှင့် အခြားသော ပြိုင်ဘက်များကြောင့်  ဗီယက်နမ်နိုင်ငံတွင် ပြိုင်ဆိုင်မှုပြင်းထန်သော အခြေအနေနှင့်  ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။    

အင်န်အိတ်ချ်ကေ