ဟင်္သာတ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အမက (၂၀)၌ ယနေ့နံနက်ပိုင်းတွင် ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးသည်။
ဟင်္သာတမြို့နယ်၌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်သော ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၃၅၂ ကျောင်းရှိ အသက်ငါးနှစ်ပြည့်ပြီး ခုနစ်နှစ် မကျော်သော ကျောင်းသား ကျောင်းသူ ၄၆၈၀ အား ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးများကို လည်းကောင်း၊ အသက် ကိုးနှစ်ပြည့်ပြီး ၁၀ နှစ် မကျော်သော ကျောင်းသူ ၂၃၇၀ အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကိုလည်းကောင်း ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုများကို ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ပညာရေးဌာနတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


