ဟန်ချက်ညီလက်တွဲဆောင်ရွက်မှ နိုင်ငံဖွံ့ ဖြိုး

၂၂    ဇန်နဝါရီ

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၀ ရက်နေ့က ချင်းပြည်နယ် ထန်တလန် မြို့နယ်ရှိ သီကီရ်ရေလှောင်တမံနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် “တိုင်းရင်းသားညီအစ်ကို မောင်နှမများ ပြည်ထောင်စုသားအားလုံး တစ်ဦးချင်း၊ တစ်ဦးချင်း ကိုယ့်မှာတာဝန်ရှိပါကြောင်း၊ ကိုယ့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းအားဖြင့် ကိုယ့်ပြည်ထောင်စုကိုအကျိုးပြု မည်ဆိုသည့် စိတ်ထားများကို မွေးမြူစေချင်ပါကြောင်း၊ အစိုးရတစ်ခုသည် အောင်အောင်မြင်မြင် တာဝန်များကို ထမ်းဆောင်နိုင်ရန် ဘာအရေးကြီးဆုံးလဲဆိုတာ ပြည်သူ့အသံကို နားထောင်ရန်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

 

အစိုးရဟူသည် နိုင်ငံနှင့် ပြည်သူ့အကျိုးကို တာဝန်ယူဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပေးရန်အတွက် ပြည်သူတို့၏လိုအပ်ချက်၊ ပြည်သူတို့၏ဆန္ဒအမှန်ကို မှန်မှန်ကန်ကန် သိရှိပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးမှသာ ပြည်သူနှင့်တစ်သားတည်း ကျသည့် ပြည်သူ့အစိုးရ၊ ပြည်သူယုံကြည်သော အစိုးရဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်များတွင် ပြည်သူ များ၏ဆန္ဒများကို ပွင့်ပွင့်လင်းလင်းပြောကြားနိုင်ရန် လမ်းဖွင့်ပေးခဲ့သည် ကို တွေ့ရသည်။

 

ထန်တလန်မြို့နယ်ရှိ ရေလှောင်တမံနှင့် ရေအားလျှပ်စစ်စက်ရုံ ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “မိမိတို့နိုင်ငံဆိုတာသည် လည်း တကယ်တော့ နိုင်ငံသူ နိုင်ငံသားများဖြင့် ဖွဲ့စည်းထားလို့သာ နိုင်ငံဖြစ်တာဖြစ်ပါကြောင်း၊ နိုင်ငံဖြစ်လို့ နိုင်ငံသူ နိုင်ငံသားများ ဖြစ်သွားတာ မဟုတ်ပါကြောင်း” နိုင်ငံနှင့် ပြည်သူဟူသည်ကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံသူ နိုင်ငံသားများ၏ တန်ဖိုးသည် အဓိကကျကြောင်း ပြောကြားခဲ့သည်။

 

“နိုင်ငံ” ဟူသည်မှာ လူ့အဖွဲ့အစည်းတစ်ရပ်၏ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်သော အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် ယင်းအချုပ်အခြာ အာဏာရပ်၏ လွှမ်းတည်နေမှုပင်ဖြစ်သည်။ တစ်ဆက်တည်းပင် သမိုင်းအစဉ်အလာနှင့် တည်တည်တံ့တံ့ စုစုစည်းစည်းဖြင့် နေထိုင်လာကြသော လူမျိုးစု သို့မဟုတ် လူပေါင်းစု သို့မဟုတ် လူ့အဖွဲ့အစည်းတို့၏ အချုပ် အခြာအာဏာရပ်ကို ပထဝီဝင်အရ နယ်နိမိတ်ပိုင်းခြားသတ်မှတ် ထားအပ်သောနယ်မြေဒေသသည် “တိုင်းပြည်” ဖြစ်သည်။

 

အကျဉ်းအားဖြင့် နိုင်ငံသည် လူ့အဖွဲ့အစည်းကို ညွှန်းဆိုပြီး တိုင်းပြည်သည် ထိုလူ့အဖွဲ့အစည်း၏ နယ်နိမိတ် အပိုင်းအခြားကို ဖော်ညွှန်းသည်။ ထို့ကြောင့် နိုင်ငံနှင့်တိုင်းပြည်သည် ခွဲခြားမရစကောင်းသော အရာဖြစ်ပြီး ထိုတိုင်းပြည်နှင့် နိုင်ငံသည် လူအများပေါင်းစုနေထိုင်သော လူ့အဖွဲ့အစည်းကို အကြောင်းပြု၍ ဖြစ်တည်လာသဖြင့် ပြည်သူပြည်သားများနှင့်လည်း ခွဲခြား၍မရချေ။ သို့ဖြစ်၍ ပြည်သူ ပြည်သားများသည် တိုင်းပြည် သို့မဟုတ် နိုင်ငံ၏ အရေးအရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ကြရသည်ဖြစ်၏။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူများအနေဖြင့် တစ်ဦးချင်းတွင် တာဝန်များရှိသလို တစ်ဦးနှင့်တစ်ဦး ဖြည့်ဆည်းဆောင်ရွက်ပေးလိုသည့် စိတ်ထားများလည်း ထားရှိရန်လိုအပ်သည်။ အစိုးရကိုသာ အားကိုးလိုစိတ်၊ အစိုးရကသာ ဆောင်ရွက်ပေးရမည်ဆိုသော စိတ်ထားများ မထားရှိဘဲ မိမိတို့အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ နိုင်သည့်ဝန်ကို ထမ်းဆောင်မှသာ ထိုနိုင်ငံဖွံ့ဖြိုးတိုးတက်မှု တည်တံ့ခိုင်မြဲမည်ဖြစ်သည်။

 

အစိုးရသည် ပြည်သူ့အသံကိုနားထောင်၍ ပြည်သူ့အကျိုးကိုသယ်ပိုး ထမ်းဆောင်ပေးပြီး ပြည်သူများကလည်း နိုင်ငံ့အရေးအရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့အရေးဆိုသည်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ကြည်ရင်းနှီးစွာနေထိုင်ရေး၊ တည်ဆောက်ထားသော အခြေခံ အဆောက်အအုံများ မပျက်စီးရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့တွင် တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်များဖြစ်သော နိုင်ငံ၊ တိုင်းပြည်၊ အစိုးရ၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တိုင်းသူပြည်သား အားလုံးတို့သည် ဟန်ချက်ညီစွာဖြင့် အတူလက်တွဲပါဝင်ဖြစ်တည်နေမှသာ ထိုနိုင်ငံထိုလူ့အဖွဲ့အစည်း သည်လည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာဖြင့် ထာဝရ ဖွံ့ဖြိုးတိုးတက်သာယာဝပြောနေမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ