နေပြည်တော် ၉ ဧပြီ
IDP စခန်းများ ပိတ်သိမ်းနိုင်ရေး အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Lake View Resort ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ နေရာဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ရေးဆွဲထားရှိပြီးဖြစ်တဲ့ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)ကို ပိုမိုကောင်းမွန်ပြည့်စုံပြီး မြန်မာနိုင်ငံ၏ အခြေအနေ၊ လက်တွေ့ဖြစ်နိုင်မှု အခြေအနေတို့နှင့် ကိုက်ညီမှုရှိသော မဟာဗျူဟာ ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးနိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းမှုမရှိပါက ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါကြောင်း၊ နယ်မြေငြိမ်းချမ်းမှုမရှိသော နေရာဒေသများမှ ပြည်သူများအနေဖြင့် စိတ်ချယုံကြည်ရပြီး ငြိမ်းချမ်းမှုရရှိနိုင်သည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း၊ ၎င်းတို့အား အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးနေပါကြောင်း။
IDP စခန်းများတွင် အချိန်ကာလကြာမြင့်စွာ နေထိုင်နေရသူများအနေဖြင့် မှီခိုမှုကင်းစွာဖြင့် မိမိတို့ကိုယ်တိုင် ပြန်လည်ရပ်တည်နေထိုင်နိုင်ဖို့ အင်မတန်မှ အရေးကြီးကြောင်း၊ IDP စခန်းများတွင် နေထိုင်စဉ်ကာလများ၌လည်း လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးနှင့် အခြေခံဝန်ဆောင်မှုများ ရရှိစေရေးကိစ္စရပ်များကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အရေးများ ရရှိရေးအတွက် အစီအမံများပါဝင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် IDP စခန်းအချို့အား ပိတ်သိမ်း၍ ပြန်လည်နေရာချထားပေးခဲ့မှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ၎င်းတို့၏ သဘောဆန္ဒအရ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒဖြစ်သော အခြေခံ လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊
မဟာဗျူဟာမူကြမ်းကို ဝိုင်းဝန်းဆွေးနွေးအကြံပြုပြီး အကောင်းဆုံးဆောင်ရွက် အကောင်အထည်ဖော်ပေးခြင်းဖြင့် ကျန်ရှိသောစခန်းများရှိ ဒုက္ခသည်များ ပိုမိုစိတ်ချယုံကြည်မှု ရရှိလာမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် သာတူညီမျှခံစားရရှိရေးကို ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးရှိ IDP စခန်းများအတွက် အခြေခံသဘောတရားတူညီသော မဟာဗျူဟာတစ်ရပ်ချမှတ်ခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် ဒေသအလိုက် ကွဲပြားမှုများကို လိုက်လျောညီထွေ ဆောင်ရွက်ရမည်ကိုလည်း ထည့်သွင်းစဉ်းစားရေးဆွဲရန် လိုအပ်ကြောင်း၊ IDP စခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာ မူကြမ်းရေးဆွဲရာတွင် ပူးပေါင်းပါဝင်ပေးသူများ၊ သက်ဆိုင်ရာပြည်နယ်အသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်တွင်း/ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး UN Resident and Humanitarian Coordinator, Mr. Knut Ostby က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသော ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့နောက် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအမျိုးသား အဆင့်မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ တက်ရောက်လာကြသော ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းတို့ကို ပြုလုပ်ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သိရှိရသည်။
(သတင်းစဉ်)


