ဤတရားဆိုးများအပေါ် မေတ္တာလက်နက်ဖြင့်သာ …

ဒေါက်တာမြတ်မိုး

ယနေ့လူ့အဖွဲ့အစည်း၏ စရိုက်များ၊ သုစရိုက်ထက် ဒုစရိုက်များနေသည်၊ ကုသိုလ်အမှုထက် အကုသိုလ်က ပိုများနေသည်။ ကာယကံ၊ ဝစီကံ မဟုတ်လျှင်တောင် မနောကံကမလွတ်၊ မိမိနှင့်ဆန့်ကျင်သူ မုန်းသူဖြစ်လျှင် မုန်းသည့်စိတ်ဖြင့် သေစေရန်တောင့်တကြ၊ ပျက်စီးမှုကို လိုလားကြသည်၊ သေပါစေ၊ ပျက်စီးပါစေသဘော။ သီလ၊ သမာဓိ၊ ပညာဂုဏ်ရှိသူပင်မချန် မစောင့်စည်းနိုင်ကြ၊ ပြစ်မှားကြံစည်လွန်းကြသည်။ ဗျာပါဒဟုခေါ်သည့် ဒေါသအခြေခံတရား ကိုယ့်သဘောတစ်ခုပင်ဖြစ်သည်၊ ရိုးရိုးဒေါသမဟုတ် ဒီလူသေသွားရင် ကောင်းမှာပဲ၊ ပျက်စီးသွားရင်ကောင်းမှာပဲ စသည်ဖြင့် လွယ်လွယ်ဖြစ်စေချင်ကြသည့် မနောကံဒုစရိုက်အတွေးများ တွေးရုံမျှနှင့်ပင် အကုသိုလ်ကံအဘယ်မျှကြီးမားကြောင်း မသိကြ၍ဖြစ်သည်။

သုံးသွယ်သော အကုသိုလ်ရေသောက်မြစ်

ဒေါသဆိုသော အကုသိုလ်၏ အစွမ်းသတ္တိကားအားကြီးလွန်းလှသည်။ လားရာအနေဖြင့် ဘယ်လိုမှ ကောင်းနိုင်စရာမရှိ။ အကုသိုလ်စိတ်များ၏ အခြေခံသတ္တိနှင့်လားရာ စသည့်ထိုအချက်များကို မမြင်မသိခြင်းသည်ပင် မိစ္ဆာဒိဋ္ဌိ အယူမှားတစ်မျိုး ဖြစ်နေသည်။ မိမိတို့၏စိတ်၊ စေတသိက်များ၌ ကြမ်းကြမ်းတမ်းတမ်းဖြစ်နေအောင်၊ ရိုင်းစိုင်းအောင် ပြစ်မှားစော်ကားတာမျိုးတွေဖြစ်စေသော အခြေခံတရားသည် ဒေါသအမြစ် အားကြီးခြင်းကြောင့်ပါလား၊ ထိုဒေါသဟိတ်ကြီးကြောင့် ပူလောင်မှုတွေခံစားရသည်၊ အငြိုးအတေးတွေနှင့် မှတ်ကုန်သည်၊ အမုန်းတွေနှင့် နှလုံးသွင်းမှားကုန်သည်၊ သူတစ်ပါးကိုဒုက္ခရောက်အောင် ကြံစည်ကြတော့သည်။ ထိုစိတ်တွေကြောင့် ရုပ်တွေလည်းကြည့်ပါ၊ ကြမ်းတမ်းခက်ထန်သည့် အသွင်အပြင်များသာ ဖြစ်ကုန်သည်၊၊ ဒေါသအရင်းအမြစ်တစ်ခုတည်းကြောင့်လည်းမဟုတ်နိုင်၊ လိုချင်တပ်မက်လွန်းအားကြီးလျှင် အကုသိုလ်လောဘကို အခြေခံ၍လည်းဖြစ်မည်၊ ထို့ကြောင့် လောဘကျွန်ဖြစ်ကြရသည်၊ အာရုံမှန်သမျှ တပ်မက်လွန်းလောဘအားကြီးလျှင် သူတစ်ပါးပစ္စည်း၊ သူတစ်ပါးနေရာ မတရားသိမ်းပိုက်ချင်တော့သည်၊ လိုချင်တာမရတော့ ဒေါသဖြစ်ရသည်၊၊

နောက်ထပ် အခြေခံတရားတစ်ခုက အမှားကို အမှားမှန်း၊ အမှန်ကိုအမှန်မှန်း အကျိုးရှိ၊ မရှိ ခွဲခြားမသိနိုင်လောက်သည့် အသိဉာဏ်မဲ့မှု၊ အသိဉာဏ်နည်းတော့ တွေဝေသည်၊ ယုံမှားသံသယ အားကြီးသွားသည်၊ တစ်ခုခုကို လှေနံဓားထစ်မှတ် ပိုးဖလံမျိုးမီးကိုတိုးတော့သည်၊ ငါသာမှန်သည်၊ သူကအမှား လက်ခံမှုတွေ၊ ပြောင်းပြန်တွေ ဖြစ်ကုန်သည်၊ ဤသည်ကား အကုသိုလ်အခြေခံတစ်ခု ဖြစ်သောမောဟကြောင့်၊၊ ဤအကုသိုလ် ကျေးဇူးတွေကြောင့် မိမိတို့မှာ ပြောမှားဆိုမှား၊ အလုပ်မှား၊ အပြုအမူအမှား မိုက်မိုက်ကန်းကန်း အမှားကြီးများ ကျူးလွန်မိသည်အထိ ဆိုက်ရောက်ကြရတော့သည်။

ဒေါသ၏ အပြစ်များစွာ

မိမိတို့မှာ ကိန်းနေသည့် ထိုအကုသိုလ်အခြေခံတွေကြောင့် အားလုံးမှာ အေးအေးချမ်းချမ်း သာသာယာယာမနေနိုင်ကြရတော့ပါ၊၊ ပူပန်သောကတွေကြီးရသည်။ စိတ်ကို မထိန်းချုပ်နိုင်သည့်အခါရုပ်မှာပါ ဖောက်လှဲဖောက်ပြန်တွေ ဖြစ်ကုန်သည်။ မတရားလုယက် တိုက်ကြ၊ ခိုက်ကြ၊ အစုလိုက်၊ အပြုံလိုက်သတ်ကြ၊ ဖြတ်ကြသည်အထိ ဖြစ်ကြရသည်။ ပြန်ကြည့်တော့ စိတ်မချမ်းသာမှု၊ စိုးရိမ်မှု၊ ပူလောင်မှု၊ ကြမ်းတမ်းမှု၊ ဖျက်ဆီးမှု၊ ပျက်စီးမှုအားလုံးသည် ဒေါသနှင့်သာဆိုင်သည်။ ထိုဒေါသကြောင့်ပင် ကိုယ့်အကျိုးစီးပွား အဖျက်ခံရ၊ သူ့အကျိုးပျက်အောင် ကလဲ့စားအပြန်အလှန်တွေ ဖြစ်ကုန်သည်။

မိမိစိတ်အတွင်းရန်သူဒေါသသည် အလွန်ဖြစ်လွယ်ပြီး အပြင်ရန်သူထက်လည်း ပိုဆိုးသည်၊၊ စိတ်ထဲတွင် တနုံ့နုံ့ဖြင့် စိတ်ဖိစီး၊ စိတ်ပျက်၊ အစားပျက်အိပ်ပျက်သည်အထိ ဖြစ်ရသည်။ ထို့ကြောင့် မိမိတို့၏ ခံစားမှုများကို အလွယ်တကူဖော်ထုတ်မိကြပြီး သူရဲကောင်းသဖွယ် အလွန်အကျွံပြသကြသည့်အတွက် ရင့်ကျက်မှုမရှိရာ ရောက်ပါသည်။ တချို့ကလည်း မိမိဒေါသကို တမင်ပြသကြတာလည်းရှိသည်။ သို့သော် ထိုဒေါသကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု နားလည်မှု ပျက်ရသည်ကို သတိမပြုမိကြ။ ဒေါသအားကြီးသူများဆိုလျှင် ဘာအာရုံပဲလာလာ အကောင်းဘက်မမြင်တော့၊ သံသယဝင်အဆိုးသာမြင်၍ မီးလောင်ရာလေပင့် အဆိုးဘက်ကို ပိုရောက်သွားတတ်သည်ကိုလည်း သတိမထားမိကြ။

ထို့ကြောင့် အတွင်းရန်သူသဘောကို မြင်အောင်ကြည့်၍ မြွေပွေးခါးပိုက်ပိုက်သလို မဖြစ်အောင် ဒေါသတရားဆိုးကို ပယ်သတ်နိုင်မှ လူ့အဖွဲ့အစည်းမှာ အတော်အတန် ငြိမ်းချမ်းမည်ဟု ဆိုနိုင်ပါမည်။ ပယ်သတ်ရမည်ဆိုသည်မှာ တစ်ခဏလေး တွေးမိ၊ ပြောမိ၊ လုပ်မိရုံဖြင့် ဤဒေါသက သံသရာတစ်ခုလုံး တောက်လျှောက်ဒုက္ခပေးသွားပြီး ဘဝပေါင်းများစွာမှာ ပေးဆပ်ရမည်စိုး၍ ဖြစ်ပါသည်။

သီလ သမာဓိ ပညာသာ

ထို့ကြောင့် ဒေါသဖြင့် အနိုင်ယူလိုစိတ်ကို ရှောင်စေချင်သည်၊ မလိုအပ်ဘဲစိုးရိမ်မှုတွေလျှော့ချ စေလိုသည်၊ ပူပန်မှုတွေလျော့စေချင်သည်။ သူဘာလဲ၊ ငါဘာလဲ၊ မခံချင်မှု၊ ငြင်းခုံမှုများဖြင့် အပျက်မတွေးဘဲ အပြုဘက်ဆောင်၍ အကောင်းဘက်ကိုသာ ပိုမြင်စေလိုသည်။ လူမိုက်နှင့်ပြိုင်လျှင် ကိုယ်လည်းလူမိုက်၊ သူ့အကုသိုလ်က ကိုယ့်အကုသိုလ်ဖြစ်၍ ပျော်ရွှင်မှုမဖြစ် အကျည်းတန်ပါမည်။ အဘယ်ကြောင့်ဆိုသော် ထိုဒေါသတရားများကြောင့် မိမိကိုယ်တိုင် အရှုံးသမားဖြစ်သွားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် မကောင်းသည့် ထိုဒေါသဆိုးကို လျှော့ဖို့၊ ပယ်ဖို့၊ သတ်ဖို့လိုလာပြီပေါ့။ ဤတွင် သီလ၊ သမာဓိ၊ ပညာတို့သာ အားကိုးရာ ဖြစ်တော့မည်။ သီလဖြင့် သီလရှိခိုက် သီလယူခိုက် အာရုံများမှ ဝေးကွာအောင်နေခိုက် ခေတ္တခဏလေးမှာသာ ဖြစ်လာသည့် ဒေါသကို လျှော့ချနိုင်သည်။ မစောင့် စည်းနိုင်သူအဖို့မှာ ဒေါသကဝင်လွယ်မည်။ သမာဓိဖြင့်သာ ဒေါသ၏ ပင်စည်ကိုသာ ဖြတ်တောက်နိုင်မည်ဖြစ်ပြီး ဆိုင်ရာအာရုံများနှင့် တကယ်တမ်းတွေ့လာလျှင် တားနိုင်မည်မဟုတ်။ သို့သော် သမာဓိကြောင့်သာ သတိသည် အားကောင်းလာနိုင်ပြီး ထိုသတိဖြင့် ဒေါသကို ဒေါသဖြစ်မှန်းသိကာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သတိကို အခြေခံ၍ သမာဓိတည်ငြိမ်မှုဖြင့် ပညာကိုသာ အားကိုးရပါမည်။

သည်းခံခြင်းဖြင့်

ဤသို့ဖြင့် ကျွန်တော်တို့သည် ပညာဉာဏ်ကလေးဖြင့် ဒေါသကို လျှော့ချနိုင်အောင် ကြိုးစားကြည့်စေချင်သည်။ ဒေါသဆိုသည်မှာ အကုသိုလ်တရားဆိုးဖြစ်သည်နှင့်အညီ ဒေါသ၏ အပြစ်များကို မြင်ခဲ့ပြီးပါပြီ။ အမှားနှင့်အမှန် ခွဲခြားတတ်လျှင် အပြစ်ဖြစ်မှာကို ဘယ်တော့မှ လုပ်ဖြစ်မည်မထင်ပါ။ ပို၍ဆိုးမသွားအောင် အဆိုးကိုပယ်ဖို့ ကြိုးစားကြမည်သာ ဖြစ်သည်။ မေတ္တာလက်နက်ဖြင့် မေတ္တာထားခြင်းကို အကောင်းဆုံးသောစိတ် အလေ့အကျင့်တစ်ခုအဖြစ် ကြိုးစားအားထုတ်လျှင် ဖြစ်ပါသည်။ မေတ္တာတရားက မိမိကိုယ်မိမိနှိမ့်ချမှုကိုပေးပြီး သည်းခံခြင်းဟူသော ခွန်အားကို ပေးစွမ်းပါသည်။

“သည်းခံခြင်းထက်သာလွန်သော အကျိုးစီးပွားဟူသည်မရှိ”ဟူ၍လည်း မြတ်စွာဘုရားက ဟောကြားထားသည် မဟုတ်ပါလား။ မေတ္တာဟူသည် သူတစ်ပါး၏ အကျိုးကို လိုလားပြီး လိုလိုလားလား ဆောင်ရွက်ပေးခြင်းမည်ပါသည်။ ကိုယ့်အတွက်မပါ သူ့အကျိုးကို လိုလားစွာလုပ်ပေးနေခြင်းသည်ပင် စစ်မှန်သော မေတ္တာဖြစ်သည်။ ထို့အပြင် ဒေါသတရားဆိုး၏ အပြစ်ကိုသိပါမှလည်း သည်းခံခြင်းနှင့်မေတ္တာတရားကို ထမ်းရွက်နိုင်စွမ်းရှိပါမည်။

သူ့ဒေါသ ကိုယ့်ဒေါသဘယ်လိုဖြေဖျောက်ကြမလဲ

မြတ်စွာဘုရား၏ အဆုံးအမကိုလိုက်နာခြင်းဖြင့် ဒေါသအပြစ်ကိုသိထားလျှင် ဒေါသထွက်စရာ အကြောင်းမရှိတော့သည့်အတွက် မိမိကိုယ်မိမိ ဆုံးမ၍ ဒေါသကိုပယ်နိုင်ဖို့ ကြိုးစားနိုင်ပါသည်။ “သူမသိလို့ ပြောနေတာပဲ”၊ “သူနားမလည်လို့ လုပ်မိတာပဲ”၊ “သူ့မှာလည်း ကောင်းတာတွေရှိခဲ့ တာပဲ”၊ ကောင်းကွက်ကိုယူ၍ သူ၏ကောင်းကွက် အမူအရာ၊ အပြောအဆိုကို အဖန်တလဲလဲ ပြန် မြင်ယောင်ဆင်ခြင်ပြီး အဆိုးဘက်ကို မမြင်အောင်နေလိုက်ခြင်းကပင် ဒေါသကို အထိုက်အလျောက် ပြေပျောက်နိုင်ပါသည်။

ဝိသုဒ္ဓိမဂ်တရား၏ အကျိုးကျေးဇူးများကြောင့် ကျွန်တော်တို့ မေတ္တာပွားနည်း ကမ္မဋ္ဌာန်းစီးဖြန်းပုံများ သိနားလည်ခွင့်ရခဲ့ကြသည်။ ထိုထိုပွားနည်းအတိုင်း အဖန်တလဲလဲ မေတ္တာပို့ခြင်းဖြင့် အမျက်ဒေါသကို ပြေငြိမ်းပယ်ဖျောက်နိုင်ပါသည်။ မသိနားမလည်လို့ ဒေါသထွက်သူကို ပိုသိ၊ ပိုနားလည် ပညာပိုတတ်သူက ဒေါသဖြင့် ပြန်လည်တုံ့ပြန်မိကလည်း သူ့ထက်ပင် သာ၍ယုတ်မာသူ ဖြစ်သွားနိုင်သည်။ ထိုသဘောကိုလည်း သတိချပ်သင့်သည်။ တစ်ခါတစ်ရံပြင်းစွာ ဒေါသထွက်နေသူအပေါ် ဘာမှပြန်မပြောဘဲ နေလိုက်ခြင်း၊ နေရာမှ ရှောင်ထွက်သွားခြင်းက ကိုယ့်အတွက်၊ သူ့အတွက် ဒေါသလျော့ပါးသွားတတ်သည်ကို မကြာခဏကြုံဖူးသည်။ တစ်ခါတစ်ရံ သူ့ကိုကြည့်ပြီး အလိုလို ဒေါသထွက်နေတာမျိုး၊ သူကဘာမှ လုပ်နေတာမဟုတ် ကိုယ့်ကြောင့် ကိုယ့်ဒုက္ခကိုယ်ဖြစ်နေတာမျိုးလည်း ရှိတတ်သည်။ သူကိုယ်တိုင်က ကိုယ့်ကိုဒုက္ခအမျက် မထွက်ထွက်လာအောင် လာဆွပေးနေသလိုမျိုး မြင်သင့်သည်။

ပညာဉာဏ်ဖြင့်ဆင်ခြင်၍

ကိုယ့်ဆီမှာ ဒေါသအမျက်မထွက်ပေါ်အောင်ဆင်ခြင်ရန် တရားသဘောများစွာ ရှိပါသည်။ ဒေါသကို ချေဖျက်မည့် ပညာဉာဏ်များပင်ဖြစ်သည်။ မိမိတို့သည် အမှန်တကယ်ကံတရား၏ အမွေခံများ မဟုတ်ပါလား၊ ကံသာလျှင် ဆွေမျိုးကံသာလျှင် အားကိုးရာ ဖြစ်ပါသည်။ ဒေါသထွက်သောသူသည် အတိတ်ကံကြောင့်သာ ဖြစ်နေရသည်။ ယခုလို ပြုမိသော အကုသိုလ်ကံကြောင့် အထူးသဖြင့် ကိလေသာစင်ကြယ်သော သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသောသူများအပေါ်တွင် ပြုမိမှားမှုကြောင့် ယခုဘဝ နောင်ဘဝ သူ့ခမျာ မကောင်းကျိုးများ ပြန်ခံရပေဦးမည်။ သနားစရာအဖြစ်သာ မြင်မိတော့သည်။ ကိုယ်လည်း ဒီလိုကြားရ၊ မြင်ရစိတ်မချမ်းသာ ဖြစ်ရခြင်းသည်လည်း အတိတ်ကံ မကောင်းခဲ့လို့ဟူသော ဆင်ခြင်မှုများသည် ကုသိုလ်အတွက် လွန်စွာအထောက်အကူ ဖြစ်ပါသည်။

မိမိတို့ ယခုဘဝမှာ တွေ့ဆုံရသူအချင်းချင်းသည် သံသရာတစ်လျှောက် ဆွေမျိုးတော်စပ်ခဲ့ကြဖူးသူများဟုလည်း ဆင်ခြင်မိပါသလား၊ အမှန်ပင်မိမိတို့သည် သံသရာတစ်လျှောက် ဆွေမျိုးတော်စပ်ခဲ့ကြဖူးပါသည်။ မိခင်၊ ဖခင်မဖြစ်ဖူးသူ၊ ညီအစ်ကို မောင်နှမမဖြစ်ဖူးသူ၊ သားသမီး မဖြစ်ဖူးသူဟူ၍ မရှိပါ၊ အပြန်အလှန်ကျေးဇူးပြုခဲ့ဖူးကြ၍ ယခုဘဝ ပြန်ဆုံကြခြင်းသာဖြစ်သည်။ ထိုသို့ဆင်ခြင်မိလျှင် မိမိကစ၍ အမျက်ထွက်ရန်မသင့်တော့ဘဲ သူအမျက်ထွက်သည်ကိုလည်း သည်းခံခွင့်လွှတ်သွားနိုင်မည်ဖြစ်သည်။

တရားသဘောဖြင့် ဆင်ခြင်ခြင်းကိုက ကုသိုလ် များစွာရနေပါသည်။ ပရမတ်သဘောဖြင့် ဆင်ခြင်လျှင် အမှန်မှာ ခန္ဓာငါးပါး၊ ရုပ်နမ်နှစ်ပါးသာရှိသည်။ ဘယ်လိုမှ အစိုးမရသောအမြင်၊ အသံ၊ အနံ့စသည့် အာရုံရုပ်များနှင့် စက္ခု၊ သောတ စသည့်ပသာဒရုပ်များအကြောင်း တိုက်ဆိုင်မိ၍ ဖြစ်ပေါ်လာသော မြင်သိစိတ်၊ ကြားသိစိတ်များနှင့်အတူ ယဉ်တွဲပါလာသော စိတ်ခံစားမှုများ စိတ်မချမ်းသာမှု၊ ချမ်းသာမှု စသည်များသည် ဒုက္ခသဘောသာဖြစ်သည်။ ဆိုလိုသည်မှာ ပြင်ပအာရုံကလည်း ကိုယ်အစိုးမရသည့် အကြောင်းတရား၊ ကိုယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာတို့ကလည်း အတိတ်ကံကြောင့် ရရှိလာသည့် ရုပ်များသာ၊ ဤအကြောင်းတရားများကြောင့် ဖြစ်လာရသည့် အကျိုးတရားကား ဒေါမနဿ၊ ဘာမှမပိုင်၊ အစိုးမရတာချင်း တိုက်ဆိုင်မိ၍သာ ဖြစ်လာရသည့် ဤဒေါသသည်လည်း ကိုယ်မပိုင်ပါ၊ ကြားသည့်ခဏ ထိမိသည့်ခဏမှာ ဖြစ်လာသည့် ဒေါသလည်း ခဏပါပဲ၊ ကိုယ့်ဆီမှာ ဘာမှမတည်၊ ဘာမှမမြဲ၊ အနိစ္စသဘောကို လေ့ကျင့်အားထုတ် ထားသူအဖို့ ဖြစ်ပြီးပျက်သွားတာပါပဲ။ ဒီလိုတရားသဘောတွေကို မိမိကြားခိုက်၊ မြင်ခိုက်ခဏမှာ အနိစ္စသဘော၊ အနတ္တသဘောကို ပညာဉာဏ်ဖြင့် ဆင်ခြင်ခြင်းဖြင့် ဒေါသကို ဒေါသမှန်းချက်ချင်းသိပြီး ကုသိုလ်တွေသာ တိုး၍တိုး၍ ရနေပါတော့သည်။ မဆင်ခြင်မိ၍ စိတ်ထဲမှာ တနုံ့နုံ့တွေးရင်း တွေးရင်းနှင့်မူ အကုသိုလ်ဒေါသဇောတွေသာ ဆင့်၍ဆင့်၍ လိုက်ပါနေမည်ဖြစ်သည်။

လူဟူသော ပုထုဇဉ်မှာ ဒေါသဟိတ်သည် အကုသိုလ်ရေသောက်မြစ် ဟိတ်ခြောက်ပါးအနက် တစ်ခုအပါအဝင်ဖြစ်သည်။ တချို့က ဒေါသဖြစ်တာသည် ပုံမှန်စိတ်တစ်ခုဟုလည်း အယူရှိကြသည်။ သို့သော် ဗုဒ္ဓမြတ်စွာဘုရားက ကံ၊ ကံ၏အကျိုးတရားနှင့်ယှဉ်၍ အကြောင်းနှင့် အကျိုးဆက်စပ်ထားသည်ဖြစ်ရာ ထိုဆက်စပ်မှုကို မကောင်းမှုအဖြစ် သံသရာမှာ ပါမသွားရလေအောင် လျှော့ချတားဆီးရမည်သာ ဖြစ်ပါသည်။ လိုချင်တာကို ရဖို့ဆိုလျှင် ဒေါသကိုရှေ့မထားသင့်၊ သို့မှသာ မိမိစိတ် ငြိမ်းချမ်းမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိလူ့အဖွဲ့အစည်းနှင့် လောကကြီးအထိ ငြိမ်းချမ်းအောင်လုပ်နိုင်မည်ဖြစ်သည်။

အတွင်းမီး မငြိမ်းသရွေ့တော့ ပြင်ပအပူကို အေးစေနိုင်မည်မဟုတ်ပါ။ အတွင်းရန်အောင်မှ အပြင်ရန်အောင်ပါမည်။ တစ်ခဏလေးပဲဖြစ်ဖြစ် ပယ်သတ်နိုင်အောင် ကြိုးစားပေးပါ။ တစ်ခဏ ဒေါသတောင် မပယ်နိုင်သူသည် ကမ္ဘာဖျက် လက်နက်ခလုတ်ကိုနှိပ်မိလျှင် အဘယ်သို့ဖြစ်မည်နည်း စဉ်းစားကြည့်ပါ။ ထို့ကြောင့် ဒေါသက လူသတ်လက်နက်ထက် ပို၍ဆိုးသည်ဟုဆိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်တို့အားလုံး မီးကိုမီးဖြင့် အနိုင်မယူဘဲ မေတ္တာအအေးဓာတ်ဖြင့်သာ ငြိမ်းအောင်ကြိုးစားကြရအောင်သာ မေတ္တာဖြင့် မျှဝေလိုက်ရပါသည်။