ဘားအံ  ၇  ဧပြီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ UHM Development ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်သော ဇွဲကပင်ပလာဇာ အဆင့်မြင့်ဈေးဝယ်စင်တာ အဆောက်အဦရှိ မြေညီထပ်ဆိုင်ခန်းအရောင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီလ(၇)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်မှ စတင်ကာ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ကြာအင်းတောင်လမ်းထောင့်ရှိ ဇွဲကပင်ပလာဇာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဇွဲကပင်ပလာဇာ အဆောက်အဦပုံစံငယ်အား UHM ကုမ္ပဏီမှ managing director ဦးထွန်းအောင်ရွှေ၊ UHM ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးမိုးသီဟဇော်နှင့်ဇနီး၊ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြပြီး ဦးထွန်းအောင်ရွှေမှ ဇွဲကပင်အဆင့်မြင့်ဈေးဝယ်စင်တာ ဆိုင်ခန်းများနှင့် ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇွဲကပင်ပလာဇာ အဆင့်မြင့်ဈေးဝယ်စင်တာ ပင်မအဆောက်အဦကို အထပ်(၅)ထပ်ဖြင့်ကာ မြေညီထပ်တွင် လက်လီလက်ကား ဈေးဆိုင်တန်းများကို ဒေသခံမြို့ခံများအတွက်ရောင်းချ ပေးသွားမှာဖြစ်ပြီး စီမံကိန်းကာလ (၂)နှစ်ကျော်ကာလ ၂၀၂၁ ခုနှစ်တွင် ရာခိုင်နှုန်းပြည့် ပြီးဆုံးမှာဖြစ်သော်လည်း မြေညီထပ်ကို စီမံကိန်းကာလအတွင်း အရင်ဆုံးအသုံးပြု ရောင်းချသွားနိုင်ရေး ဆောင်ရွက်မှာဖြစ်ကြောင်း သိရသည်။ ပထမထပ်တွင် စူပါမားကပ်၊  ဒုတိယထပ်တွင် အလှကုန်၊ အဝတ်အထည်၊ ကျောက်မျက်ရတနာ၊ လူသုံးကုန်များ၊ တတိယထပ်တွင် လျှပ်စစ်ပစ္စည်း၊ ပရိဘောဂ၊  မိုဘိုင်းဆိုင်များ၊ စတုတ္ထထပ်တွင် ပြည်တွင်းပြည်ပဧည့်သည်များ ကရင်ရိုးရာဒေသအစားအစာများကို တစ်နေရာတည်းတွင် အလွယ်တကူ စားသောက်နိုင်ရန် စားသောက်ဆိုင်တန်းများ၊ ကလေးကစားကွင်းနှင့် ရုပ်ရှင်ရုံတို့ကို ထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း UHM ကုမ္ပဏီမှ managing director ဦးထွန်းအောင်ရွှေ၏ ပြောကြားချက်အရ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

1