နေပြည်တော်   ဩဂုတ်     ၁၃

          ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော် ကောင်စီရန်ပုံငွေဖြင့် ရေဆင်းကျေးရွာအုပ်စု၊ ရွှေကျကျေးရွာ၌ ဆောင်ရွက်လျက်ရှိသော စက်ရေတွင်းတူးဖော်နေမှု အခြေအနေများကို ဩဂုတ် ၁၂ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးနှင့် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ရွှေကျကျေးရွာ၌ အကျယ် လေးလက်မ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အတိုင်း အရည်အသွေးပြည့်မီစွာဖြင့်  အချိန်မီပြီးစီးအောင် အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ရွှေကျကျေးရွာ၌  အကျယ် လေးလက်မ၊ အနက်ပေ ၄၀၀ရှိ တွင်းနက်တူး‌ဖော်ခြင်း၊ ဂါလန် ၂၄၀၀ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ အလျား ငါးပေ၊ အနံ ငါးပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် အရှည်ပေ ၁၂၀ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီရန်ပုံငွေကျပ် ၅၇ ဒသမ ၁၅၂သန်း အသုံးပြု၍ Y2T ကုမ္ပဏီက ယခုနှစ်  ဩဂုတ်လ ၈ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

နော်လူး